မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားကို တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲ

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားကို တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲ
Published 17 February 2018

အမှတ် ၅၅ အဆန်အမြန်ရထား တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်း ဖွင့်ပွဲပြုလုပ်စဉ်

မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲလျက်ရှိသော ရထားခရီးစဉ်များအနက် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားအား တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့သည်။

မြန်မာ့မီးရထား အနေဖြင့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြေးဆွဲနေသော ရထားခရီးစဉ်များ အနက် လမ်းပိုင်းအလိုက် ဦးစားပေးစနစ်ဖြင့် တွဲဆိုင်းအသစ်၊ စက်ခေါင်းအသစ်များဖြင့် လဲလှယ်ပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ယခုနှစ် မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထား သုံးစင်းအနက် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားကို နိုင်ငံတော်ငွေဖြင့် ပြည်တွင်းထုတ်လုပ် တည်ဆောက်သည့် တွဲဆိုင်းသစ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကာ ကနဦးအနေဖြင့် အမှတ် ၅၅ အဆန်ရထားအား ပြောင်းလဲပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

“မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ အမှတ် ၅၅၊ အမှတ် ၅၆ ရထားတွေက လူစီးအများဆုံးရထားကို မြစ်ငယ်တွဲပြင်စက်ရုံကနေ ထုတ်လုပ်တဲ့ တွဲအသစ်တွေနဲ့ အစားထိုးပြီးတော့ ပထမဦးဆုံး အစားထိုးလဲလှယ် ပြေးဆွဲတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲဒီဟာပြီးရင် ကျွန်တော်တို့က နောက်ထပ်လည်ပတ်ဖို့ တွဲဆိုင်းသုံးတွဲ လိုအပ်တာကြောင့် တွဲဆိုင်းသုံးတွဲစလုံးကို နောက်တစ်လ၊ နှစ်လအတွင်းမှာ လဲလှယ်အစားထိုး ပြေးဆွဲသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့တွက်ပါ။ ခရီးသွားပြည်သူတွေက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာဆိုရင် ကားလမ်းကလည်း အရမ်းမကောင်းသေးတော့ မီးရထားနဲ့ အဓိက သွားလာမှုရှိတယ်။ ဒါကြောင့် ခရီးသည်တွေ လုံခြုံစိတ်ချစွာ သွားနိုင်ဖို့ သက်သောင့်သက်သာ ဖြစ်အောင်လို့ လဲလှယ်ပြေးဆွဲတာဖြစ်ပြီး ဒီအတွက် ရထားလက်မှတ်ခ ဈေးနှုန်းတွေ ပြောင်းလဲသွားဖို့ မရှိပါဘူး” ဟု မြန်မာ့မီးရထားရုံးချုပ် စစ်ဆေးရေးဌာနမှ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

မန္တလေးဘူတာကြီးမှ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် နေ့စဉ်လူစီးတွဲအဖြစ် အမြန်ရထားသုံးစင်း၊ စာပို့ရထားတစ်စင်း၊ RBE လေးစင်း၊ လူစီးကုန်တင် လော်ကယ်ရထားသုံးစင်း ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှရထားစီးနင်းသူဦးရေ တစ်သောင်းခန့်ရှိကာ အမြန်ရထား သုံးစင်းတွင် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားမှာ ခရီးသည်လိုက်ပါစီးနင်းမှု အများဆုံးဖြစ်ကာ မန္တလေးဘူတာကြီးမှ နေ့စဉ် ညနေ ၄ နာရီတွင် ထွက်ခွာ၍ မြစ်ကြီးနား ဘူတာသို့ နောက်တစ်နေ့ နံနက် ၁၁ နာရီကျော်တွင် ဆိုက်ရောက်ကာ လမ်းတစ်လျှောက်တွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း စသည့် ဘူတာများတွင် ရပ်နားမှု ပြုလုပ်ကြောင်း သိရသည်။

 

Most Read

Most Recent