ဦးကိုနီက အသတ်ခံရပြီး ၎င်းမှာ အကြိမ်ကြိမ်လုပ်ကြံခံနေရဟု ရုံးထုတ်တွင် ဇေယျာဖြိုးပြောခဲ့ပြီး အမှုနှင့်ပတ်သက်၍ အောင်ဝင်းထွန်းက အာမခံလျှောက်ထား

ဦးကိုနီက အသတ်ခံရပြီး ၎င်းမှာ အကြိမ်ကြိမ်လုပ်ကြံခံနေရဟု ရုံးထုတ်တွင် ဇေယျာဖြိုးပြောခဲ့ပြီး အမှုနှင့်ပတ်သက်၍ အောင်ဝင်းထွန်းက အာမခံလျှောက်ထား
Published 17 February 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ တရားစွဲခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ ရုံးထုတ်မြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ဦးကိုနီက အသတ်ခံရပြီး ၎င်းမှာအ ကြိမ်ကြိမ်လုပ်ကြံခံနေရဟု ဦးကိုနီ အသတ်ခံရမှုနှင့်ပတ်သက်ပြီး တရားစွဲခံထားရသည့် ဇေယျာဖြိုးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ(ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍  ပုဒ်မသီးသီးဖြင့် စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဦးကိုနီက အသတ်ခံရတယ်။ ကျွန်တော်က အကြိမ်ကြိမ်လုပ်ကြံခံနေရတယ်။ ဘုမသိဘမသိနဲ့ နောက်ကွယ်က တရားခံဆိုပြီးတော့ စွပ်စွဲခံနေရတယ်။ အခုလည်း ဘာအထောက်အထားမှ မရှိဘဲနဲ့ ကျွန်တော့်ကို စွဲချက်တင်တယ်။  မီဒီယာတွေကို အမှန်

တရားကို ဖော်ထုတ်ပေးပါလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော့်ကို သက်သေထွက်ရမယ်ဆိုပြီးတော့ ခေါ်သွားခဲ့တာပါ” ဟု အမှုမစစ်ဆေးခင် အဝင်နှင့် အမှုစစ်ဆေးပြီး အထွက်တွင် ဇေယျာဖြိုးက ပြောကြားသည်။

အမှုမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ (ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း) ဖြင့် စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်းက အာမခံလျှောက်ထားသဖြင့် အာမခံပေး/မပေးကို လာမည့်ရုံးချိန်းတွင် အမှုစစ်တရားရုံးက အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင် ရာကြီးအမှုအမှတ် ၄၅/၂၀၁၇(လူသတ်မှုအမှုတွဲ) မှ ပြန်ခေါ်သက်သေများဖြစ်သည့် ဒုရဲမှူးမိုးနိုင်၊ ရဲအုပ်အေးမင်းသူ၊ ဒုရဲအုပ်အောင်ကျော်ထွန်း၊ ရဲတပ်သားနိုင်ဇော်၊ ရဲတပ်သား သက်အာကာစိုးတို့ ငါးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာ ရာကြီး ၄၅/ ၂၀၁၇ အမှုက တရားခံတစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းက နေပြီးတော့ တရားရုံးတော်ကို အာမခံလျှောက် ထားတာရှိပါတယ်။ ဒီအာမခံနဲ့ပတ်သက်ပြီးတော့ နှစ်ဖက်လျှောက်လဲချက် အကျဉ်းကြားနာပါတယ်။ ဒီအာမခံနဲ့ပတ်သက်ပြီးတော့ ခွင့်ပြုသင့် မသင့်ကို  အထူးခုံရုံးက လာမယ့် ရုံးချိန်း ကြာသာပတေးနေ့မှာ အမိန့်ချမှတ်သွားမယ်လို့ သိရှိရပါတယ်” ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားစွဲခံထားရသူများကို အမှုစစ်တရားရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့သည်။

ထိုသို့စွဲချက်တင်ရာ၌ ရာကြီးအမှုအ မှတ် ၄၅/၂၀၁၇ (လူသတ်မှုအမှုတွဲ) မှ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ) /၃၄ ၊ ၃၀၂ (၂) ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုး ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရာဇသတ်ကြီးအမှုအမှတ် ၄၆/၂၀၁၇ (လက်နက်မှုအမှုတွဲ) မှ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) (စ)တို့ဖြင့် စွဲချက်တင်ခဲ့သည်။

စွဲချက်တင်ခံထားရသူများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၎င်း၏ နေအိမ်သို့ပြန်ရန် လေဆိပ် Terminal-1  ရှေ့ ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ ရပ်နေစဉ် သေနတ်သမားကြည်လင်းက ၉ မမ ပစ္စတိုဖြင့် နောက်မှကပ်၍ ဦးခေါင်းအား အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ဦးခေါင်းဒဏ်ရာဖြင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီကိုလုပ်ကြံသည့် သေနတ်သမား ကြည်လင်းအား လေဆိပ်တွင် အငှားယာဉ်မောင်းနှင်သော ပြည်သူများက ခဲများဖြင့် ပစ်ခတ်ကာ လိုက်လံဖမ်းဆီးစဉ် အငှားယာဉ်မောင်းနှင်သူ ဦးနေဝင်းမှာ ကြည်လင်းပြန်လည်ပစ်ခတ်သည့် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ လုပ်ကြံသူ ကြည်လင်းကိုလည်း ဖမ်းဆီးရမိခဲ့သည်။

 

Most Read

Most Recent