ကမ္ဘာ့ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့မည်

ကမ္ဘာ့ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့မည်
Published 17 February 2018

မြန်မာနိုင်ငံ၏  ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိတ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက်ထောက်ပံ့ပေးရာတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိတ်ချ်အိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်  ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်းနှင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ် လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ်ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ခြောက်သိန်းခန့်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ၁၀၀၀လျှင် နှစ်ဦးနှုန်းဖြစ်ပွားလျက်ရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ပြည့်နှစ်တွင် ဖြစ်ပွား နှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ပြီး ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရော ဂါကင်းစင်ပပျောက်ရေးကို ဦးတည်လုပ် ဆောင်သွားရန် ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှု ရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှု အစည်းအဝေးမှ သိရသည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၁၁၀၁၄၆ ခု နှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း ၂၁ ခုသာရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ကိန်းဂဏန်း အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၇၇ ရာခိုင်နှုန်း နှင့်ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ငှက်ဖျားရောဂါပိုး ကူးစက်ဖြစ်ပွားမှုသည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း၊ ငှက်ဖျားရောဂါလက္ခဏာများသည် ငှက်ဖျားရောဂါပိုးကို ဖြစ်စေသော ရောဂါပိုး အမျိုးအစားပေါ်တွင် မူတည်ကြောင်း၊ ရောဂါပိုးရှိသော ခြင်ကိုက်ပြီး ၁၀ ရက်မှ၂၁ ရက်အတွင်း ဖြစ်တတ်ကြောင်းနှင့် ၎င်းရက်များထက်လည်း ပို၍ကြာနိုင်ကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း နိုင်ငံများသည် ငှက်ဖျားဆေးယဉ်ပါးမှုကို ရှာဖွေဖော်ထုတ်ကာ ၂၀၂၅ ခုနှစ်တွင် ဖယ်ဆီပရမ် အမျိုးအစား ငှက်ဖျားပိုးကို ပပျောက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားပိုး အမျိုးအစား အားလုံးကို ပပျောက်အောင် ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း ကျဆင်းလာသော်လည်း ယင်း၏နောက်ဆက်တွဲ ဆေးယဉ်ပါးငှက်ဖျားမှာမူ ဖြစ်ပွားမှုနှုန်း မြင့်တက်နေကြောင်း၊ ဆေးယဉ်ပါးငှက်ဖျား ဖြစ်နှုန်း မြင့်မားနေခြင်းကြောင့် အာတီမီစနင်း ငှက်ဖျားဆေးယဉ်ပါးမှု ထိန်းချုပ်ရေးစီမံချက် နေရာများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆေးယဉ်ပါးငှက်ဖျား တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆေးယဉ်ပါး ငှက်ဖျားဖြစ်ပွားမှု စတင်တွေ့ရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ စုစုပေါင်း မြို့နယ် ၂၁ မြို့နယ်ကို အာတီမီစနင်း ငှက်ဖျားဆေးယဉ်ပါးမှု ထိန်းချုပ်ရေး စီမံချက်နေရာ (၁) အဖြစ် သတ်မှတ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် အဆိုပါ ဒေသများနှင့် ဆက်စပ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) များကို နေရာ (၂) အဖြစ် သတ်မှတ်ထားပြီး ကျန်ငှက်ဖျား ဒေသများကို နေရာ (၃) အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent