တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် LNG ဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ကျော် ထုတ်လုပ်ရန်စီစဉ်နေ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် LNG ဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ကျော် ထုတ်လုပ်ရန်စီစဉ်နေ
Published 17 February 2018

LNG ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်မည့် ကံပေါက်ဒေသကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် LNG ဓာတ်ငွေ့ဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၁၈၀၀ ကျော်ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် ၁၂၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တည်ဆောက်ရန် အစိုးရနှင့် ကုမ္ပဏီများအကြား MoU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်ရှိ ကျွန်းတစ်ခုပေါ်၌ ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းကုမ္ပဏီတို့တည်ဆောက်မည့် ၆၁၀ မဂ္ဂါဝပ်ထွက်ရှိမည့် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးကိုယ်တိုင် သွားရောက်စစ်ဆေး ကြည့်ရှု၍ ပြည်ထောင်စုအစိုးရထံ တင်ပြပြီး သဘောတူပါက MoU လက်မှတ်ရေးထိုးပြီး လုပ်ငန်းစတင် ဆောင်ရွက်စေမည် ဖြစ်ကြောင်းသိရသည်။

“အဓိက သူတို့ဆွဲထားတဲ့ Plan (ကံပေါက်ဒေသ၌ တည်ဆောက်မည့် LNG ၁၂၃၀ မဂ္ဂါဝပ်စီမံကိန်း) အရတော့ ထားဝယ်ခရိုင်ပါတယ်။ ထားဝယ်ခရိုင်ကနေ ဘုရားကြီး (ပဲခူးတိုင်းဒေသကြီး) အထိဆွဲမယ်။ အားလုံး ကြိုးတွေ လိုင်းတွေ အကုန်လုံးသူတို့(ကုမ္ပဏီ) ဘက်က ကုန်ကျခံမှာ မဟာဓာတ်အားလိုင်းတော့ မဟုတ်ဘူး။ ဒီကနေ တစ်လိုင်းသီးသန့် သွားပြီးတော့မှ ဘုရားကြီးမှာ မဟာဓာတ်အားလိုင်းနဲ့ သွားဆုံမယ်။ နောက်တစ်ခုက ကျွန်းစုမှာ LNG နဲ့ပဲလုပ်မယ့် ၆၁၀ မဂ္ဂါဝပ်တစ်ခုရှိတယ်။ ဒါကိုလည်း ပြည်ထောင်စုကို Proposal တင်ထားတယ်ပေါ့။ Proposal တင်ထားတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကနေ လာမယ့် ၁၇ ရက်မှာ ဆင်းကြည့်မယ်။ ဆင်းကြည့်ပြီးတော့ လုပ်ခွင့်ပြုမယ်ဆိုရင် MoU ထိုးမယ်ပေါ့။ ဒါကတော့ ကိုရီးယား ကုမ္ပဏီတစ်ခုနဲ့ ပြည်တွင်းကုမ္ပဏီ ဖက်စပ်ပါ။ သူတို့က မဂ္ဂါဝပ်များတော့ ပြည်ထောင်စုကို တင်ထားတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် တည်ဆောက်မည့် ၁၂၃၀ မဂ္ဂါဝပ် Kanbauk Integrated LNG to Power Project ကို Total Myanmar နှင့် SIEMENS Myanmar Group တို့မှ ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သော LNG ဓာတ်ငွေ့များအတွက် ပြင်သစ်အခြေစိုက် Total ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားသည့် တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်အတွင်း၌ တွင်းအသစ်များ စမ်းသပ်တူးဖော်နေကာ ၎င်းတွင်းအသစ်များမှ အောင်မြင်မှုရရှိပါက ရယူသွားမည့်အပြင် လိုအပ်ပါက ပြည်ပမှတစ်ဆင့် တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် တည်ဆောက်မည့် ၆၁၀ မဂ္ဂါဝပ် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ကိုရီးယား အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းကုမ္ပဏီ တစ်ခုတို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သော LNG ဓာတ်ငွေ့ကို  ပြည်ပမှ သင်္ဘောများဖြင့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကံပေါက်ဒေသတွင် တည်ဆောက်မည့် ၁၂၃၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က ကုမ္ပဏီတာဝန်ရှိသူများက တိုင်းဒေသကြီး လွှတ်တော်ထံ လာရောက်ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကာ ဇန်နဝါရီ ၃၀ ရက်က နေပြည်တော်တွင် ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကုမ္ပဏီများအကြား စီမံကိန်းအတွက် MoU လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် တည်ဆောက်မည့် ၆၁၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက်မူ ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးမှ စီမံကိန်း တည်ဆောက်မည့် နေရာသို့ သွားရောက်ကြည့်ရှုပြီးပါက ပြည်ထောင်စုအစိုးရထံ တင်ပြ၍ သဘောတူပါက MoU ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် ကံပေါက်ဒေသရှိ ၁၂၃၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော လျှပ်စစ်ကို ကံပေါက်-ဘုရားကြီး (ပဲခူး) သီးသန့်ဓာတ်အားလိုင်း တစ်ခုဖြင့် ပို့လွှတ်ပြီး ဘုရားကြီးမြို့တွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မည် ဖြစ်သည့်အပြင် ယင်းစီမံကိန်းမှ ထားဝယ်ခရိုင်အတွင်းသို့ ဓာတ်အားလိုင်း တစ်ခုဖြင့် လျှပ်စစ်ပေးဝေသွားမည် ဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် တည်ဆောက်ရန် စီစဉ်နေသည့် ၆၁၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်များကို မြိတ်ခရိုင်အတွင်း ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ကော့သောင်းခရိုင်သို့ပါ ဓာတ်အားလိုင်းဖြင့် ပေးပို့သွားနိုင်သည့် အနေအထားရှိကြောင်း၊ ကံပေါက်ဒေသရှိ LNG စီမံကိန်းမှာ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ကျွန်းစုမြို့ရှိ LNG စီမံကိန်း လုပ်ကိုင်ခွင့်ရရှိပါက စီမံကိန်း နှစ်ခုစလုံး တစ်ပြိုင်နက် ပြီးစီးသွားနိုင်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် မြို့နယ် ၁၀ ခုရှိပြီး ပုဂ္ဂလိက လျှပ်စစ်ပေးဝေရေး လုပ်ငန်းများထံမှ တစ်ယူနစ်လျှင် ကျပ် ၂၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ဝယ်ယူသုံးစွဲနေရကြောင်း၊ ထားဝယ်ခရိုင်တွင်လည်း တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ကာ ပေးဝေနေသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင်ကျပ် ၃၀၀ ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲခဲ့ရပြီး လက်ရှိအချိန်တွင် တစ်ယူနစ်လျှင် ကျပ် ၂၀၀ ဖြင့် သုံးစွဲနေရကြောင်း သိရသည်။

 

Most Read

Most Recent