လူမှုဖူလုံရေး အာမခံထားရှိသည့်အလုပ်သမားများ ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် အဆင့်မီစွာဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

လူမှုဖူလုံရေး အာမခံထားရှိသည့်အလုပ်သမားများ ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် အဆင့်မီစွာဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 17 February 2018

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သော အစည်းအဝေးကို တွေ့ရစဉ်

လူမှုဖူလုံရေး ဆေးရုံဆေးခန်းအရေအတွက် များစွာနည်းပါးနေသည့်အတွက် အာမခံထားရှိသည့်အလုပ်သမားများ ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် အဆင့်မီစွာ ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“လက်ရှိဆေးခန်းများနဲ့ အလုပ်သမားအရေအတွက်နဲ့ နှိုင်းစာမယ်ဆိုရင် လုံလောက်မှု မရှိသေးပါဘူး။ ဒီအတွက်ကိုလည်း ပုဂ္ဂလိက ဆေးရုံဆေးခန်းများနဲ့ ညှိနှိုင်းချိတ်ဆက်ပြီး အဲဒီဆေးခန်းများမှာလည်း အာမခံအလုပ်သမားများ သွားရောက်ကုသနိုင်အောင် စီစဉ် ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သော အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါလူမှုဖူလုံရေးအစည်းအဝေးတွင် အလုပ်သမားများ အဆင့်မီစွာဆေးကုသမှုခံယူနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အစည်းကို ခေတ်စနစ်နှင့် လျော်ညီအောင် စီစဉ်ဆောင်ရွက်နေကြောင်း၊ အုပ်ချုပ်ရေးဖွဲ့စည်းမှု ပြုပြင်ပြောင်းလဲမှုများ၊ အိုင်စီတီပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း၊ ဆေးရုံဆေးခန်းများတွင် ဝန်ဆောင်မှုများ ပိုမိုအဆင့်မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ လူမှုဖူလုံရေးဥပဒေကို ပြင်ဆင်ရန်ဆောင်ရွက်နေကြောင်း၊  စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်းဖြစ်သည့်အတွက် အနည်းငယ် အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“လူမှုဖူလုံရေးအဖွဲ့ကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပတ်ဝန်းကျင်နိုင်ငံများ ကမ္ဘာ့နိုင်ငံများရဲ့အတွေ့အကြုံများကိုလေ့လာပြီး ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်။ မကြာခင်ကာလမှာ လူမှုဖူလုံရေးဆေးရုံတွေကိုလည်း ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး အလုပ် သမားများအနေနဲ့ အခြားသောပြည်သူများနည်းတူ အဆင့်မြင့်မြင့်ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်ရအောင် စနစ်တကျစီစဉ် ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လူမှုဖူလုံရေးအာမခံထားရှိသည့် အလုပ်သမားပေါင်း ၁ ဒသမ ၁ သန်းခန့်ရှိပြီး  ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် အလုပ်သမားဆေးရုံကြီးသုံးရုံ၊ မြို့နယ်ရုံး ၇၇ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီး ၅၅ ခန်း၊ လူမှုဖူလုံရေးဆေးခန်းသုံးခန်း၊ တိုင်းရင်း ဆေးကုခန်းတစ်ခန်း၊ ရွေ့လျားဆေးကုသယာဉ်နှစ်စီးဖြင့်  ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

 

Most Read

Most Recent