လက်ရှိအစိုးရလက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာ တိုက်ခန်းပေါင်းတစ်သန်း တည်ဆောက်မည်ဖြစ်ပြီး တိုက်ခန်းလေးသောင်းကျော် ဆောက်လုပ်ပြီးဖြစ်

လက်ရှိအစိုးရလက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာ တိုက်ခန်းပေါင်းတစ်သန်း တည်ဆောက်မည်ဖြစ်ပြီး တိုက်ခန်းလေးသောင်းကျော် ဆောက်လုပ်ပြီးဖြစ်
Published 17 February 2018

ကနောင်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

လက်ရှိအစိုးရလက်ထက် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး၌ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတိုက်ခန်းပေါင်း တစ်သန်းတည်ဆောက်မည်ဖြစ်ကာ အိမ်ရာတိုက်ခန်းပေါင်း လေးသောင်းကျော်ဆောက်လုပ်ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအစိုးရ စတင်တာဝန်ယူချိန်မှစ၍ သက်တမ်းကုန်သည့် ၂၀၂၀ ပြည့်နှစ်အထိ အိမ်ရာတိုက်ခန်းတစ်သန်း အပြီးတည်ဆောက်ရန်အတွက် တစ်နှစ်လျှင် အိမ်ရာတိုက်ခန်းပေါင်း နှစ်သိန်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် အိမ်ရာနှစ်သိန်းအနက် ရာခိုင်နှုန်း ၂၀ ဖြစ်သောတိုက်ခန်းပေါင်း ၃၆၀၀၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ပေးမည်ဖြစ်ကာ ကျန်ရာခိုင်နှုန်း ၈၀ ကို အစိုးရဌာနများ၊ ပုဂ္ဂလိကတို့က တည်ဆောက်ဖြစ်သည်ဟု မြို့ပြ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးယုခိုင်၏ ပြောကြားချက်အရ သိရသည်။

“ငါးနှစ်စီမံကိန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အိမ်ရာတစ်သန်းဆောက်မယ်။ အိမ်ရာတစ်သန်းဆိုတော့ တစ်နှစ်မှာ အိမ်ရာ ၂ သိန်း ဆောက်လုပ်မှာပေါ့။ ဆောက်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောက် လုပ်တဲ့အိမ်ရာလည်းရှိမယ်။ ကျန်တဲ့ဝန်ကြီးဌာနကဆောက်မယ့် အိမ်ရာတွေလည်း ရှိမယ်။ တစ်နှစ် အိမ်ရာ နှစ်သိန်းမှာ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရာခိုင်နှုန်း  ၂၀ (တိုက်ခန်းပေါင်း ၃၆၀၀၀)ဆောက်လုပ်ပေးမယ်။ ပြီးခဲ့တဲ့နှစ်မှာ လေးသောင်းကျော်လောက် ဆောက်ပြီးသွားပြီ။ လျာထားချက်ထက် ကျော်တာပေါ့။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတွေပေါ့။ အခုနှစ်မှာလည်း ဆောက်လုပ်နေဆဲအိမ်ရာတွေ ရှိပါတယ်”ဟု မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်မည့် အိမ်ရာတိုက်ခန်းတစ်သန်းအနက် လေးသောင်းကျော်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနေအိမ်တိုက်ခန်း လေးသောင်းကျော်အနက် ထက်ဝက်ခန့်ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၈၆၂ ခန်းကို ဝယ်ယူရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၁၆ ရက်အတွင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လျှောက်လွှာများတင်ကာ တိုက်ခန်းများ လျှောက်ထားနိုင် ပြီဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခန်းများကို ဝယ်ယူခွင့်လျှောက်ထားရာတွင် ဝင်ငွေနည်း ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပင်စင်ယူသွားသည့်အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ စသည့်ဖြင့် အမျိုးအစားလေးမျိုး ခွဲခြားထားကြောင်း သိရသည်။

Most Read

Most Recent