မကွေးတိုင်းအတွင်း ပြည်သူများ ဝေဖန်မှု မြင့်တက်နေသည့် ဝန်ကြီးအသစ်နှစ်ဦး ခန့်ထားရန် အဆိုတင်သွင်းမှုကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်လွှာ တင်ထားကြောင်း သိရ

မကွေးတိုင်းအတွင်း ပြည်သူများ ဝေဖန်မှု မြင့်တက်နေသည့် ဝန်ကြီးအသစ်နှစ်ဦး ခန့်ထားရန် အဆိုတင်သွင်းမှုကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်လွှာ တင်ထားကြောင်း သိရ
Published 17 February 2018

မကွေးတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပစဉ်

မကွေးတိုင်းအတွင်း ပြည်သူများဝေဖန်မှု မြင့်တက်နေသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအသစ်နှစ်ဦး ခန့်ထားရန် အဆိုတင်သွင်းမှုကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ကြောင်း အဆိုပြုချက် တင်ထားပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်မှ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အတည်ပြုချက် ရယူသွားမည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် တင်သည်ကို နိုင်ငံတော်သမ္မတကလည်း ခွင့်ပြုခဲ့ကြောင်း၊ ထို့ကြောင့် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦး နေရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် ဦးအေးငွေ (၆၉  နှစ်) နှင့် ဦးအောင်ကျော်မိုး (၆၇ နှစ်) တို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၈) နှင့်အညီ တာဝန်ပေးအပ်လိုကြောင်း ဒေါက်တာအောင်မိုးညို၏ကိုယ်စား တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် မကွေးတိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ တင်သွင်းမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးနိုင်ရန် အဆိုလွှာ တင်ခွင့်ပြုခဲ့ရာ တင်သွင်းလာသည့် ဝန်ကြီးအသစ်နှစ်ဦးအား ကန့်ကွက်သည့် အဆိုတင်သွင်းသူ ၁၇ ဦး ရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ဒုတိယနေ့တွင် ကြေညာခဲ့ကြောင်း၊  ထိုအဆိုပြုလွှာများကို ဥပဒေနှင့် ညီ၊ မညီ စိစစ်ပြီး တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် သင့်၊ မသင့်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကိုယ်တိုင်လည်းပဲ ကန့်ကွက်တဲ့အထဲမှာ ပါပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၆၂ (ဂ) အရ ကျွန်တော်တို့ရဲ့ ကန့်ကွက်မှုက သက်သေထင်ရှားမရှိရင် ကန့်ကွက်လို့မရဘူးဆိုတာ ရှိပါတယ်။ ဒါက ဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ပါတီဟာ ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းနဲ့ ပြည်သူလူထုက ပါတီကို မဲပေးခဲ့ပါတယ်။ ဒီအခြေအနေကို ပြည်သူလူထုရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကို ကျောခိုင်းမသွားချင်လို့ ကန့်ကွက်လွှာ တင်ခဲ့တာပါ” ဟု စလင်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောကြားသည်။

သရက်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဇော်မိုးအောင်က “ကျွန်တော်တို့ ဒီအဆို တင်သွင်းလာတဲ့ ဝန်ကြီးအသစ် နှစ်ဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လေ့လာစရာတွေ အများကြီးရှိပါတယ်။ အခုလောလောဆယ်ကတော့ ဒီဝန်ကြီးနှစ်ယောက်ကို ထောက်ခံပေးမယ့်သူ ရှာလို့မတွေ့သေးပါဘူး။ ဒါကြောင့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြန်လည် ဆွေးနွေးကြမှာပါ” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ဥပဒေနဲ့အညီ စိစစ်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က လွှတ်တော်မှာ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်ရဲ့ အတည်ပြုချက် ရယူသွားမှာပါ” ဟု ပြောကြားသည်။

ဝန်ကြီးနှစ်ဦး နေရာအတွက် အဆိုပြု တင်သွင်းခံထားရသူများအနက် ဦးအေးငွေသည် မကွေးမြို့ အောင်မေတ္တာ ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး အတိုင်ပင်ခံ အင်ဂျင်နီယာများ အဖွဲ့ခွဲတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းသည် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိမှ ညွှန်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဦးအောင်ကျော်မိုးသည် မကွေးမြို့ ကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ တွဲဖက်ပြည်နယ် ပညာရေးမှူးဖြင့် အငြိမ်းစား ယူခဲ့ကြောင်း သိရသည်။ ဝန်ကြီးအဖြစ် အဆိုပြု တင်သွင်းခံရသူ နှစ်ဦးစလုံးက လုပ်ငန်းတာဝန်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြမည်ဟု ပြောကြားသည်။

ဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းခံခဲ့ရသည့် ဦးအောင်ကျော်မိုးသည် ယခင် အလယ်တန်းပြ ကျောင်းဆရာ (ယခု) ဂန့်ဂေါ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင် အလုပ်ထုတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင် စစ်ဆေးခဲ့သည့်အဖွဲ့ဥက္ကဋ္ဌ ဖြစ်ခဲ့သောကြောင့် မကွေးတိုင်းအတွင်း ပြည်သူအချို့နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

 

Most Read

Most Recent