ဒဂုံအရှေ့မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းဆီးရမိ

ဒဂုံအရှေ့မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းဆီးရမိ
Published 16 February 2018

ဒဂုံအရှေ့မြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၄ နာရီခန့်က ဒဂုံအရှေ့မြို့နယ် မပြားကျေးရွာအုပ်စု လေးထောင့်ကန်ကျေးရွာ အမှတ်(၂) လမ်းမကြီးဘေးတွင် လူတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အဆိုပါနေရာတွင် ပရိုဘောက်အမျိုးအစား အငှားယာဉ်အနီး၌ ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေခြင်းဖြစ်ပြီး ၎င်းအနီးတွင် သစ်လွင်(ခ) ကိုကိုဇော်အမည်ပါ သုံးခေါက်ချိုး မှတ်ပုံတင်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ အမျိုးသားအနီး၌ တွေ့ရှိခဲ့သည့် သုံးခေါက်ချိုးမှတ်ပုံတင်မှ အမျိုးသားအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ၎င်းအား ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် အခင်းဖြစ်ပွားရာ မြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူသစ်လွင် (ခ)ကိုကိုဇော်အား စစ်ဆေးရာ သေဆုံးသူ အငှားယာဉ်မောင်းနှင့် ၎င်းမှာ လွန်ခဲ့သည့်တစ်လခန့်က အငှားယာဉ်အား ငှားရမ်းစီးရာမှ ခင်မင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းတို့နှစ်ဦးမှာ ငွေကြေးကိစ္စဖြင့် စကားများရန်ဖြစ်ပြီး အငှားယာဉ်မောင်းအား သစ်လွင် (ခ) ကိုကိုဇော်က အသင့်ပါလာသည့် ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးသတ်သူ သစ်လွင်(ခ)ကိုကိုဇော်အား ဒဂုံအရှေ့မြို့မရဲစခန်းက (ပ) ၁၆၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent