ဘုရားဖူးယာဉ်တစ်စီး မန္တလေးမြို့အဝင် အိုးတလုံးကွေ့တွင် ကားဘီးပေါက်ကာ ကားသုံးစီးနှင့် ဆိုင်ကယ်သုံးစီးအား ဆင့်တိုက်မှုကြောင့် တစ်ဦးသေဆုံး သုံးဦး ဒဏ်ရာရ

ဘုရားဖူးယာဉ်တစ်စီး မန္တလေးမြို့အဝင် အိုးတလုံးကွေ့တွင် ကားဘီးပေါက်ကာ ကားသုံးစီးနှင့် ဆိုင်ကယ်သုံးစီးအား ဆင့်တိုက်မှုကြောင့် တစ်ဦးသေဆုံး သုံးဦး ဒဏ်ရာရ
Published 16 February 2018

လားရှှိုးမှ-မန္တလေးသို့ထွက်ခွာလာသည့် ဘုရားဖူးယာဉ်တစ်စီးသည် မန္တလေးမြို့အဝင် အိုးတလုံးကွေ့တွင် ကားဘီးပေါက်ကာ ကားသုံးစီးနှင့် ဆိုင်ကယ်သုံးစီးဆင့်တိုက်မှုကြောင့် တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရမှု ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ခရီးသည် ၅၇ ဦးကို တင်ဆောင်လာသည့် စုစုထွန်း ဘုရားဖူး Express ယာဉ်သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး မိုင်တိုင်(၁၆/၄-၅ကြား) အိုးတလုံးကွေ့အရောက် ကားဘီးပေါက်ကာ ရှေ့တွင်ရှိသော ဆိုင်ကယ်သုံးစီး အပါအဝင် အေဒီဗင်အဖြူရောင်ယာဉ်၊ စလွန်းယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ကို အသီးသီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားလေးဦးအနက် တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ ကနဦး ကားဘီးပေါက်ခဲ့သည့် ဘုရားဖူးယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဟု သိရသည်။

“ခရီးသည်ယာဉ်က ကားဘီးပေါက်ပြီး ရှေ့က ယာဉ်တွေကို အကုန်တန်းစီ ဆင့်တိုက်မိတာ။ ဆိုင်ကယ်သမားတွေထဲက တစ်ယောက်သေသွားတယ်။ အိုးတလုံးကွေ့က မကြာခဏ ကားတွေတိမ်းမှောက်လေ့ရှိတော့ သတိထားရမယ့် နေရာလေးပါ။

ပြင်ဦးလွင်မြို့နယ်ထဲ ပါပေမယ့် အဲဒီကွေ့အဆင်းပြီးရင် မန္တလေးထဲရောက်ပြီ"ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှ ယာဉ်မောင်း ဇော်လေး(ခေါ်)မုတ်ဆိတ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပြီး ယင်းကို ပြင်စာရဲစခန်းတွင် ယာဉ်(ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဘုရားဖူးယာဉ်ပေါ်ပါလာသူ ခရီးသည်များမှာ ဟိန္ဒူလူမျိုး၊ ဗုဒ္ဓဘာသာဝင်များဖြစ်ကာ ရန်ကုန်သို့ပြန်မည့်သူများ ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent