အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ Yoga နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့၊ ပြည်သူ့ရင်ပြင်တွင် ဇွန် ၂၁ ရက် နံနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ Yoga နေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ နံနက် ၆ နာရီခန့်မှ စတင်၍ နံနက် ၈နာရီထိ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

Yoga ဆရာတစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေ၊ Yoga ကျင့်သည့် အဖွဲ့ဆယ်ဖွဲ့နှင် Yoga ကျင့်စဉ်အား ၀ါသနာပါသူများ ပါဝင်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၁၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

“ယောဂကျင့်စဉ်ကို ရန်ကုန်မြို့ထဲမှာ အခမဲ့ သွားရောက် လေ့ကျင့်လို့ရမယ့်နေရာ သုံးနေရာ ရှိပါတယ်။ ကန်တော်ကြီး၊ ဆူးလေမြို့တော်ခန်းမရှေ့က ပန်းခြံရယ် ပြည်သူရင်ပြင်ရယ်မှာပါ။ နံနက် ၅ နာရီခွဲမှ စတင်ပြီး စိတ်ပါဝင်စားရင် ယောဂကျင့်လို့ ရပါတယ်။ ယောဂကျင့်စဉ်ဟာ ကိုယ်ကာယ လေ့ကျင့်ခန်းအတွက်လည်း ပါတယ်။ ကြွက်သားတွေအတွက်လည်းပါတယ်။ ဦးနှောက်အတွက်လည်း ပါတယ်။ ယောဂကို ပုံမှန်ကျင့်သွားရင် ကျန်းမာရေးအတွက် ကောင်းပါတယ်” ဟု အဆိုပါ အထိမ်းအမှတ်ပွဲအား ဦးဆောင်ကျင်းပသူ Yoga ဆရာတစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာYoga နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ် ကျင်းပခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“ယောဂကို ကျင့်ခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အဲ့တာကြောင့် ကျွန်မအနေနဲ့ ယောဂကို ပုံမှန်ကျင့် ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့ပွဲကို လာရတာကတော့ ၀ါသနာတူတွေ အများကြီးနဲ့အတူ ယောဂကျင့်ရတာ ပျော်ရွှင်မိပါတယ်”ဟု အဆိုပါ Yoga နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။