မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
Published 16 February 2018

နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် ၁၂ ဦး ပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့်လှစ်မည့်ကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး Mr. Asaduzzaman Khan သည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် အောက်တိုဘာအတွင်းက လာရောက်ခဲ့ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးတွင် အောက်တိုဘာ ၂၄ ရက်က ကျင်းပသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်/လူထွက်မှုများ စိစစ်ခြင်းနှင့် နိုင်ငံသား စိစစ်လက်ခံမှုများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစသည့် ကဏ္ဍတို့တွင် အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား စိစစ်မှုများ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြောင်း ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၊ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကိုလည်း နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုးထားသည်။

Most Read

Most Recent