ပြည်ထောင်စုရိပ်မွန်အိမ်ရာအနီး အမှတ် (၂) လမ်းမကြီးပေါ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက် ၄၀ အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား

ပြည်ထောင်စုရိပ်မွန်အိမ်ရာအနီး အမှတ် (၂) လမ်းမကြီးပေါ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက် ၄၀ အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား
Published 16 February 2018

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုရိပ်မွန် အိမ်ရာအနီး အမှတ်(၂) လမ်းမကြီးပေါ်ရှိ ငမိုးရိပ်တံတားပေါ်မှ အသက် ၄၀ နှစ် အမျိုးသမီးတစ်ဦး ခုန်ချမှု ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခွဲတွင် အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုရိပ်မွန်အိမ်ရာ YBS အမှတ် (၇) ခရီးသည်တင်ယာဉ်ဂိတ်စဖြစ်သည့် ကားကြီးဂိတ်မှတ်တိုင် အနီးရှိ ငမိုးရိပ်တံတားပေါ်သို့ လမ်းလျှောက်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ လမ်းလျှောက်လာစဉ် အဆိုပါ တံတားပေါ်အရောက်၌ တံတားဘောင်ပေါ်တက်ကာ ခုန်ချခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ထိုသို့ ခုန်ချခဲ့သည်ကို အနီးအနားမှ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ယာဉ်များ၊ အငှားယာဉ်များပေါ်မှ လူများက ခုန်မချရန် အော်ဟစ်ပြောဆို တားဆီးခဲ့သော်လည်း အဆိုပါ အမျိုးသမီးမှာ ခုန်ချသွားခဲ့ကြောင်း ပတ်ဝန်းကျင်နေသူတစ်ဦးက ပြောကြားသည်။

ခုန်ချခဲ့သည့် အမျိုးသမီးမှာ ရေစီးအတိုင်း မျောပါသွားခဲ့ပြီး လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၀ နာရီခွဲကျော်လောက်မှာ ဖြစ်ပွားသွားတာပါ။ သူခုန်ချသွားတာက ကားကြီးဂိတ်ဘက်ကလာမယ်ဆိုရင် တံတားရဲ့ ဘယ်ဘက်အခြမ်း လူလျှောက်လမ်းပေါ်က တံတားဘောင်ကိုတက်ပြီး ခုန်ချသွားတာပါ။ အဲဒီအမျိုးသမီးက အသက် ၄၀ ဝန်းကျင်ရှိတယ်။ ခုန်ချသွားပြီး အဲဒီအမျိုးသမီးက ရေစီးအတိုင်း မျောသွားတယ်။ အခုတော့ သက်ဆိုင်ရာရဲစခန်းက ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent