မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ဆိုင်ကယ်များခိုးယူသူအား ဖမ်းဆီးရမိ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဈေးများတွင် ဆိုင်ကယ်များခိုးယူသူအား ဖမ်းဆီးရမိ
Published 16 February 2018

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိသည့် ဈေးများတွင် ဆိုင်ကယ်များ ခိုးယူသူအား ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ ရဲအုပ်အောင်နိုင်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်အတွင်း သတင်းစုံစမ်းနေစဉ် ဆိုင်ကယ်များ ခိုးယူထားကာ လိုက်လံရောင်းချနေကြောင်း သတင်းအရ စိုးကြီး (၃၂ နှစ်) ဆိုသူအား ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကွက်သစ်၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် တွေ့ရှိခဲ့သောကြောင့် တိုင်းရဲအကူတပ်ဖွဲ့ခွဲသို့ ခေါ်ဆောင်ကာ သက်သေများရှေ့တွင် စစ်မေးသည်။

စစ်မေးချက်အရ ၎င်းသည် လွန်ခဲ့သော ၅ ရက် နံနက် ၈ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ဈေးရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ထားသည့် ၄၁ယ/၁၈၂၆၀ နံပါတ်ပါ SUMBO CZI 125 အမျိုးအစား အပြာရောင်ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ကာ ၎င်းကိုယ်တိုင် မောင်းနှင်အသုံးပြုနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ တရားခံအား ဆက်လက်စစ်ဆေးရာ တရုတ်ဆိုင်ကယ် ရှစ်စီးဆက်လက် စစ်ဆေးပေါ်ပေါက်ပြီး ဆိုင်ကယ်များအား ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဈေးများနေရာမျိုးစုံမှ ခိုးယူခဲ့ကြောင်း ထွက်ဆိုချက်အရ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ တာဝန်ရှိရဲအရာရှိက ပြောကြားသည်။

ခိုးယူခဲ့သည့်ဆိုင်ကယ်များသည် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များဖြစ်ပြီး အဆိုပါဆိုင်ကယ်များအား ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းကာ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ပြီး ဆိုင်ကယ်များ ခိုးယူသူ တရားခံစိုးကြီးအား ကွင်းဆက်အမှုများ ဆက်လက် စစ်မေးလျက်ရှိကြောင်း တာဝန်ရှိရဲအရာရှိထံမှ သိရသည်။

Most Read

Most Recent