အာရှတိုက်အတွင်းတွေ့ရခဲသော ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် ဒေါင်းလန်းခြေထောက် (ခေါင်းဖြူ) ငှက်များ တောင်သမန်အင်းအတွင်း လာရောက်ကျက်စားမှုရှိကြောင်း တွေ့ရှိ

အာရှတိုက်အတွင်းတွေ့ရခဲသော ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် ဒေါင်းလန်းခြေထောက် (ခေါင်းဖြူ) ငှက်များ တောင်သမန်အင်းအတွင်း လာရောက်ကျက်စားမှုရှိကြောင်း တွေ့ရှိ
Published 16 February 2018

အာရှတိုက်အတွင်း တွေ့ရခဲသော ရှားပါးငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် White Headed Stilt ဒေါင်းလန်း ခြေထောက် (ခေါင်းဖြူ) ငှက်မျိုးစိတ်အား ယခုနှစ်ဆောင်းခိုငှက်ရာသီတွင် တောင်သမန်အင်းအတွင်း ထပ်မံလာရောက်ကျက်စားမှုကို တွေ့ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ White - Headed Stilt  ဒေါင်းလန်းခြေထောက် (ခေါင်းဖြူ) ငှက်မျိုးစိတ်ကို ပြီးခဲ့သည့်နှစ်ငှက်ရာသီက ပထမဦးဆုံးအကြိမ်အဖြစ် အင်းလေးကန်အတွင်း လာရောက်ကျက်စားမှုကို သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းရှားပါးငှက်မျိုးစိတ်များ၏ မူရင်းနေရပ်မှာ အာတိတ်သမုဒ္ဒရာနှင့် သမပိုင်း အစပ်ဒေသများဖြစ်သော မွန်ဂိုလီးယား၊ သြစတြေးလျ၊ နယူးဇီလန်စသည့်ဒေသများတွင် ကျက်စားလေ့ရှိကာ အာရှတိုက်အတွင်း ရံဖန်ရံခါမှသာတွေ့ရှိရသည် ဟု သိရှိရသည်။

“မနှစ်ကငှက်ရာသီမှာ ဒီငှက်မျိုးစိတ်ကို First Record အနေနဲ့ အင်းလေးမှာ သားငှက်ထိန်းသိမ်းရေးအဖွဲ့က ဦးစိုးနိုင်က စတွေ့ခဲ့တယ်။ အဲဒါပြီးမှ တောင်သမန်မှာလည်း ဝင်ရောက်ကျက်စားတာတွေ့ခဲ့ရတာပါ။ အခု ဒီနှစ်လည်း တောင်သမန်မှာ ထပ် တွေ့ရတာမို့ နှစ်နှစ်ဆက်တိုက် မြန်မာနိုင်ငံထဲမှာ တွေ့ရှိမှတ်တမ်းတင်နိုင်တဲ့သဘောပါ ပဲ။ ပြောရရင် ထောင်နဲ့ချီပြီး ပြောင်းရွှေ့ကျက်စားတဲ့ ဒေါင်းလန်းခြေထောက်မျိုးကွဲ တစ်မျိုးဖြစ်တဲ့  Black - Winged Stilt  တွေထဲ မှာ ဒီရှားပါး White Headed Stilt ကောင်တွေရောပြီး တွေ့ခဲ့ရတာ။ကနေ့ တောင်သမန်မှာတွေ့ရတာ သုံးကောင်ပါ” ဟု ငှက် စောင့်ကြည့်လေ့လာသူ ဦးဇေမောင်သိန်းက ပြောကြားသည်။

ယင်း White-Heded Stilt မှာ အရွယ်အစား ၃၅ စင်တီမီတာခန့်ရှိပြီး လည်ဆံမှာ မြင်းလည်ဆံနှင့် ရိုးရိုးဒေါင်းလန်းခြေထောက် ငှက်ထက် အနည်းငယ်သေးကြောင်း မှတ်တမ်းတင်ထားသည်။

မြန်မာနိုင်ငံအတွင်း ဆောင်းခိုငှက်ဝင်ရောက်မှုမှာ အောက်တိုဘာလလယ်ခန့်မှ မတ်လကုန်အထိ ဝင်ရောက်နေထိုင်ကျက်စားမှုရှိပြီး လက်ရှိအချိန်တွင် မန္တလေးဝန်းကျင်ရှိ ဆောင်းခိုငှက်များလာရောက်ကျက် စားလေ့ရှိသော တောင်သမန်အင်း၊ စွန်ရဲ အင်း၊ ဝမ်းဘဲအင်း၊ ပုလိပ်အင်း၊ ပြူကန်၊ ရေမျက်ကြီးအင်း၊ ရေခါးအင်း၊ ကောင်းမှုတော် အင်းစသည့် အင်းများတွင် ယခုနှစ် ငှက်ရာသီအတွင်း ဆောင်းခိုငှက်ဝင်ရောက်မှု သိသာစွာ နည်းပါးခဲ့ကြောင်း သိရသည်။

Most Read

Most Recent