<

ကိုကာကိုလာ အချိုရည်စက်ရုံမှ ၀န်ထမ်း ၂၁၀ ကို အခြားကုမ္ပဏီများသို့ လွှဲပြောင်းမှုအပေါ် ၀န်ထမ်းများက မကျေနပ်မှုဖြစ်ပေါ်နေပြီး တစ်ဦးလျှင် ကျပ်သိန်း ၂၀၀ နစ်နာကြေး တောင်းခံ

အမေရိကုန် ထုတ်ကုန်တစ်ခုဖြစ်သည့် ကိုကာကိုလာ အချိုရည်စက်ရုံမှ ၀န်ထမ်း ၂၁၀ ကို အခြားကုမ္ပဏီများသို့ လွှဲပြောင်းမှုအပေါ် ၀န်ထမ်းများ မကျေနပ်မှုဖြစ်ပေါ်နေပြီး တစ်ဦးလျှင် သိန်း ၂၀၀ နစ်နာကြေး တောင်းခံလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အလုပ်သမားများထံမှ စုံစမ်းသိရသည်။

ကိုကာကိုလာ အချိုရည်များကို တစ်နိုင်ငံလုံးသို့ ဖြန့်ချိနေသည့် သယ်ယူပို့ဆောင်ရေးဌာနရှိ ၀န်ထမ်း ၂၁၀ ကို ဖေဖော်ဝါရီ ၁၃ ရက် က အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် သယ်ယူပို့ဆောင်ရေးဝန်ထမ်းများကို လုပ်ခလစာ တစ် လစာပေး၍ DHL, CJ, KO STAR စသည့် ကုမ္ပဏီများသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် အပြီးလွှဲပြောင်းပေးသွားမည်ဟု စက်ရုံ တာဝန်ရှိသူများက အစည်းအဝေးတွင် ပြောကြောင်း ၀န်ထမ်းများ၏ ပြောကြားချက်များအရ သိရသည်။

နစ်နာကြေး တစ်လစာရယ်။ ဟိုဘက်မှာ အလုပ်အကိုင်ရရှိဖို့ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ကျွန်တော်တို့ကို ဒီလိုပြောင်းဖို့ အတွက် ခေါ်ယူညှိနှိုင်းတာ။ ကြိုတင်အကြောင်းကြားတာ မရှိတဲ့အတွက် ကျွန်တော် အပါအ၀င် အစည်းအဝေးတက်တဲ့ လူ ၂၁၀ လုံးက လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒီအတွက် အလုပ်သမားတစ်ယောက်ကို သိန်း၂၀၀ အလျော်ပေးမှ ဒီကုမ္ပဏီက ဖယ်ပေးမယ်ဆိုပြီး အချေအတင်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့က တစ်လစာပေးတယ်။ ဟိုဘက်မှာလည်း အလုပ်အကိုင် ရရှိပါမယ်လို့ ပြောတာတွေဟာ ကျွန်တော်တို့ကို အကွက်ကျကျ ဖယ်ထုတ်တာ” ဟု ကိုကာကိုလာအချိုရည်စက်ရုံ သယ်ယူပို့ဆောင်ရေးဌာနမှ ကိုယုနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သယ်ယူပို့ဆောင်ရေး ၀န်ထမ်းများသည် ကိုကာကိုလာ အချိုရည်များကို သယ်ယူ၍ တစ်နိုင်ငံလုံး နေရာအနှံ့သို့ ကားမောင်း၍ လိုက်လံ ပို့ဆောင်ပေးရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းဝန်ထမ်း တစ်ဦးသည် တစ်လလျှင် ၀င်ငွေ ခြောက်သိန်းကျော်မှ ခုနစ်သိန်းကျော်အထိ ရရှိကြောင်း သိရသည်။

ယင်းအပြင် ယာဉ်အကူတစ်ဦးမှာ တစ်လလျှင် ၀င်ငွေ သုံးသိန်းကျော်ခန့် ရရှိကြောင်း သိရသည်။ ယင်းဝန်ထမ်းများသည် တစ်လလျှင် မိုင် ၇၀၀၀ ကျော် သွားလာ၍ ကိုကာကိုလာ အချိုရည်များကို မြန်မာနိုင်ငံအနှံ ဖြန့်ချိနေရကြောင်း သိရသည်။

ဆက်လက်ပြီး ကိုယုနိုင်က “ကျွန်တော်တို့ ဘာကြောင့် ကုမ္ပဏီမပြောင်းချင်တာလဲ ဆိုတော့ ဒီကိုကာကိုလာ ကုမ္ပဏီက နိုင်ငံပေါင်း ၂၀၇ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးလေ။ ကျွန်တော်တို့ကို ဆေးဝါးကုသခွင့်အနေနဲ့ အလုပ်သမားတစ်ယောက်ကို ကတ်ထဲမှာ ဒေါ်လာတစ်ထောင် ထည့်ပေးထားတယ်။ သုံးလို့တော့ မရပေမဲ့ ဆေးဝါးကုသမယ်ဆိုရင် သုံးလို့ရတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့လည်း အဆက်အဆံရှိတယ်။ ကျွန်တော်တို့ကို လွှတ်မယ့်ကုမ္ပဏီက ဘယ်လောက် အာမခံချက်ပေးနိုင်မလဲ မသိရဘူး။ သွားရမယ့် ကုမ္ပဏီက ကြုံရာကျပန်း ကုန်ရှိရင် လုပ်ရမယ်။ ကုန်မရှိရင် မလုပ်ရဘူးဆိုရင် အခုဝင်နေတဲ့ ၀င်ငွေကို ရနိုင်ပါတော့မလား”ဟု ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးဌာန ၀န်ထမ်းများ နှင့် စက်ရုံတာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ ညှိနှိုင်းရာတွင် အလုပ်သမားများ တောင်းဆိုသည့် အချက်များဖြစ်သည့် ကိုကာကိုလာ ကုမ္ပဏီတွင် တစ်နှစ် ထပ်မံ အလုပ်လုပ်ကိုင်ခွင့်ပြုရန်၊ အခြားပြောင်းလွှဲမည့် ကုမ္ပဏီများတွင် သယ်ယူပို့ ဆောင်ရေး ၀န်ထမ်းများ ရရှိနေသည့် ပုံမှန်လစာနှင့် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန်နှင့် အဆိုပါ အချက်များအား လိုက်လျောပေးနိုင်ခြင်း မရှိပါက နစ်နာကြေးအဖြစ် အလုပ်သမားတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ပေးရန် တောင်းဆိုခဲ့သော်လည်း စက်ရုံတာဝန်ရှိသူများက တောင်းဆိုမှုများကို လိုက်လျောပေးခြင်း မရှိဘဲ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း အလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

သယ်ယူပို့ဆောင်ရေးဝန်ထမ်းများကို အခြားကုမ္ပဏီသို့ လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ကိုကာကိုလာ ကုမ္ပဏီဘက်သို့ ဆက်သွယ်မေးမြန်းရာ မန်နေဂျာဖြစ်သူမှာ ရုံးဆင်းသွားပြီဟု ပြောကြားသည်။

February 15, 2018














Copy Protected by Chetan's WP-Copyprotect.