မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြောကြား

မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြောကြား
Published 15 February 2018

မြောက်ဦးအဓိကရုဏ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး၏ ပြောကြားချက်အရ သိရသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အခြေအနေများကိုမေးမြန်းရာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “စုံစမ်းနေဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ရော ပြည်နယ်အဆင့်ရော စုံစမ်းနေဆဲဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားဥပဒေအတိုင်းလည်း ဆောင်ရွက်နေပါတယ်” ဟုပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်က ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင်ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ပုံစံဖြင့် ယူနီဖောင်းများဝတ်ဆင်ခြင်းမပြုရန် အသိပေးရှင်းလင်းခြင်း အခမ်းအနားပြီးဆုံးချိန် မီဒီယာများ၏မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြောက်ဦးအဓိကရုဏ်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က နှိမ်နင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိမရှိ စုံစမ်းစစ်ဆေးရေးလုပ်ငန်းကို ဇန်နဝါရီ ၂၀ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးအဆင့်ရှိသူ တစ်ဦး၊ ဒုတိယရဲမှူးကြီးအဆင့်ရှိသူ တစ်ဦးနှင့် ရဲမှူးအဆင့်ရှိသူတစ်ဦးတို့ ပါဝင်ကြောင်းနှင့် အဓိကရုဏ်းနှိမ်နင်းသည့်အခါ ဥပဒေနှင့်ညီညွတ်မှု ရှိ မရှိ သက်သေသာဓကစုံလင်စွာဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပေါ်ပေါက်ချက်အရ တရားနည်းလမ်းတကျ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်၍ သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ရပ်ဖွဲ့စည်းကာ ဖြစ်စဉ်တစ်ရပ်လုံးတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် အာဏာပိုင်အဖွဲ့များ၏ လုပ်ရပ်များသည် ဥပဒေနှင့် ညီ မညီ စစ်ဆေးဖော်ထုတ်ပြီး တာဝန်ရှိသူများအား အရေးယူပေးရန် ALD ပါတီက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။

အလားတူ မြောက်ဦးအကြမ်းဖက်မှုနှင့်ပတ်သက်၍ အစိုးရမဟုတ်သော ပြင်ပပုဂ္ဂိုလ်များဖြင့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးပြီး ၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသော မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်နဝါရီ ၂၉ ရက်တွင် လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။ သို့ရာတွင် လွှတ်တော်က အတည်ပြုထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကွင်းဆင်းစစ်ဆေးမှုများ မဆောင်ရွက်ရသေးကြောင်း သိရသည်။

Most Read

Most Recent