w ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင်တွင် တရားမ၀င် အသေးစားဓာတ်သတ္တု တူးဖော်မှုများတွေ့ရှိရပြီး သက်ဆိုင်ရာအာဏာပိုင်များက ကြီးကြပ်အရေးယူပေးရန် လိုလား - Eleven Media Group <

ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင်တွင် တရားမ၀င် အသေးစားဓာတ်သတ္တု တူးဖော်မှုများတွေ့ရှိရပြီး သက်ဆိုင်ရာအာဏာပိုင်များက ကြီးကြပ်အရေးယူပေးရန် လိုလား

တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်သို့ လူမှုအဖွဲ့အစည်းအချို့ သွားရောက်လေ့လာစဉ်

ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင်ဒေသတွင် တရားမ၀င် အသေးစားဓာတ်သတ္တုတူးဖော်မှုများ တွေ့ရှိနေရပြီး ဒေသဆိုင်ရာအာဏာပိုင်များက ကြီးကြပ်အရေးယူပေးရန် လူမှုအဖွဲ့အစည်းများက လိုလားလျက်ရှိသည်ဟု သိရသည်။

“အဓိက ကတော့ မြွေတောင်၊ ဖားတောင်မှာ ကုမ္ပဏီတွေကနေပြီးတော့ ကျွန်တော်တို့ကန့်ကွက်တဲ့ အဆင့်ဆင့်ကိုသိထားတယ်။ ပြည်နယ်အစိုးရလည်း ပြီးခဲ့တဲ့အစိုးရအဆင့်ဆင့်မှာ ကန့်ကွက်ထားတယ်။ ဆန္ဒပြလို့ တူးဖော်ခွင့်မရတာတွေရှိတယ်။ အခုကုမ္ပဏီတွေက ဒေသခံတွေကိုချဉ်းကပ်ပြီးတော့ ၀င်လာတာပေါ့။ ဒီမှာရှိတဲ့ကျောက်ကို ငါတို့ရချင်တယ်။ အဲဒီကျောက်ကို ငါတို့ဆီပို့ပေး။ တစ်တန်ကို ဘယ်လောက်နှုန်းပေါ့။ အဲဒါကိုရရင် မင်းတို့အကျိုးအမြတ်က ဘယ်လောက်ဆိုတာတွေရှိတော့ ဒေသခံတွေကလည်း မက်လုံးကြီးပြီးတော့ တရားမ၀င်တူးဖော်တာတွေရှိလာတာပေါ့။ ဖြစ်လာတော့ အကြောင်းစုံလိုက်ကြည့်တော့ ကုမ္ပဏီတချို့ကနေပြီးတော့ ဒေသခံတွေကို မက်လုံးပေး တူးဖော်ခိုင်းတယ်။ သယ်ဆောင်ခွင့်တွေရအောင် လုပ်ခိုင်းတယ်။ တရားမ၀င်လုပ်ငန်းတွေမှာ သူတို့က နောက်ကွယ်ကနေ ထောက်ပံ့တာတွေ လုပ်တာတွေ ရှိနေတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့က သွားပြီးကြည့်တော့ အမှန်တကယ်တူးဖော်နေပြီး ကျောက်ထုတ်တဲ့စခန်းတွေလည်း တွေ့ရပါတယ်။ သယ်ဆောင်တာတွေလည်း တွေ့ရပါတယ်။ ဒါကို ဘယ်လိုဆက်လုပ်မှာလဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်လည်း ထွက်ပါမယ်။ သူတို့နဲ့ ပါဝင်ပတ်သက်တဲ့သူတွေ၊ စနစ်တကျခိုင်းနေတဲ့သူတွေ အချက်အလက်တွေစုပြီး တားဆီးနိုင်အောင် လုပ်နေပါတယ်။ အစီရင်ခံစာကို ပြည်ထောင်စုအစိုးရကိုရော ပြည်နယ်ကိုရောပေးပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိပေးပါမယ်” ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက ပြောကြားသည်။

မြွေတောင်၊ ဖားတောင်ဒေသတွင် ဓာတ်သတ္တုတူးဖော်ရန်အတွက် ကုမ္ပဏီများက လာရောက်ကမ်းလှမ်းသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုရှိခဲ့ပြီး လူမှုအဖွဲ့အစည်းများ သွားရောက်ရာ တရားမ၀င် ဓာတ်သတ္တုတူးဖော်မှုများတွေ့ရပြီး ယခုအခါ ဒေသခံများမှတစ်ဆင့် တူးယူစေပြီး ပြန်လည်ဝယ်ယူမှုများ ပြုလုပ်နေသည်ဟု သိရသည်။

“အခုတူးနေတာ တီးတိန်နယ်ထဲက မြွေတောင်မှာပါ။ ကျွန်တော်တို့တွေ့တာက သံတူရွင်းနဲ့တူးတယ်။ အရည်အသွေးကောင်းတဲ့ကျောက်ကို ပုံထားတာပေါ့။ တစ်ကျင်းနှစ်ကျင်းပေါ့။ အလုပ်သမားတွေလည်း တိမ်းရှောင်နေတာ တွေ့ရပါတယ်။ လမ်းဖောက်နေတဲ့စက်ကြီးတွေလည်း တွေ့ရပါတယ်။ ၀ယ်ယူတဲ့ကုမ္ပဏီတွေက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဖြစ်နေပါတယ်။ တူးတဲ့သူတွေကလည်း စစ်ကိုင်းတိုင်းထဲက ဖြစ်နေပါတယ်။ အဓိက ကတော့ ကုမ္ပဏီတွေအနေနဲ့ ဒေသခံတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီးတော့ ကျွန်တော်တို့သယံဇာတကို သူတို့မရတော့ဘူးလို့သိတော့ ဒေသခံတွေအသုံးချပြီး ခိုးထုတ်နေတာ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။ ချင်းပြည်နယ်အစိုးရကလည်း ထိထိရောက်ရောက် လုပ်စေချင်တယ်။ အရင်အစိုးရတုန်းကတောင် သတ္တုတူးဖော်မှုတွေရပ်ဆိုင်းအောင် လုပ်နိုင်ခဲ့သေးတာပဲ။ လက်ရှိအစိုးရအနေနဲ့ တရားမ၀င်တူးဖော်မှုတွေကို ဘာလို့မစောင့်ကြည့်နိုင်တာလဲလို့ မေးချင်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေတောင်သိနေပြီ။ ပြည်နယ်အစိုးရက နှုတ်ဆိတ်နေတာလဲ။ အရေးယူမှုတွေမလုပ်တာလဲ။ တန်ဖိုးကြီးတဲ့ သယံဇာတဖြစ်တဲ့ ခရိုမိုက်နဲ့ နီကယ်ဆိုတာ ရှားရှားပါးပါးထွက်တဲ့နေရာဖြစ်လို့ ဒီနေရာကို ဘယ်လိုကန့်သတ်မှုနဲ့လုပ်မှာလဲဆိုတာ ထုတ်ပြန်ထားတာမတွေ့ရဘူး။ ပြည်နယ်အစိုးရမှာ တာဝန်ရှိပါတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း သယံဇာတနဲ့ပတ်သက်ပြီး လက်တွေ့ကျကျလေ့လာပြီးတော့ အစိုးရနဲ့ဘယ်လိုပူးပေါင်းပြီးတော့ ဘယ်လိုကာကွယ်ကြမယ်။ ထိန်းချုပ်ကြမယ်ဆိုတာ ထိထိရောက်ရောက် လုပ်သင့်ပါတယ်” ဟု အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက ပြောကြားသည်။

တရားမ၀င် ဓာတ်သတ္တုများ တူးဖော်လျက်ရှိသော တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်သို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် အထက်ချင်းတွင်းလူငယ်ကွန်ရက်၊ မြွေတောင်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့၊ ညောင်ကုန်းဇိုမီးလူငယ်အဖွဲ့၊ ချင်းတောင် သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့သွားတဲ့နေရာက တစ်နေရာပဲသွားနိုင်ပါတယ်။ တစ်နေရာမှာက ခရိုမိုက်အရိုင်းတုံးတွေ စုနေကြပါတယ်။ အလုပ်သမားခေါင်းနဲ့တော့တွေ့တယ်။ ကျွန်တော်တို့က ပြောထားပါတယ်။ နမော်နမဲ့ဖြစ်ဖြစ် ကိုယ့်စားဝတ်နေရေးအတွက် ဖြေရှင်းတာတော့ဟုတ်ပါတယ်။ ဒီမှာယူထားတာ အဲဒီလိုလုပ်လို့ ဥပဒေက ခွင့်မလွှတ်နိုင်တဲ့အနေအထား ရောက်သွားတယ်ဆိုရင် အရေးယူမှုတွေဖြစ်လာမှာစိုးလို့ဆိုပြီးတော့ လာပြောပေးတာပါလို့ ပြောလိုက်ပါတယ်။ သူတို့လုပ်တာကတော့ အချိန်မရွေး အရေးယူမှုခံနိုင်လောက်တဲ့ အခြေအနေရောက်သွားပြီလို့ ပြောထားတယ်။ ဆက်လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့လည်း အာဏာရှိတဲ့သူမဟုတ်ပေမယ့် အာဏာရှိတဲ့သူက အရေးယူတဲ့အတိုင်းအတာအထိ ရောက်သွားနိုင်ပါတယ်။ အခုတွေ့ခဲ့တာက မြွေတောင်မှာပါ။ အောင်ရွာ အနောက်တည့်တည့်မှာပါ။ သူတို့က ခရိုမိုက်ကျောက်အရိုင်းတွေတူးတယ်။ စုတယ်။ JCB နဲ့ လမ်းဖောက်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အခုဟာက ခိုးလုပ်တာလေ။ သူတို့မှာ ထောက်ခံချက်တစ်စုံတစ်ရာမရှိဘဲ လုပ်နေတာပါ။ လောလောဆယ်တော့ တစ်ဖွဲ့တည်းတွေ့ခဲ့တာပါ။ ဒီအဖွဲ့ကလည်း ဘယ်သူနဲ့ ဆက်သွယ်တယ်ဆိုတာတောင် မပြောချင်ဘူး။ ကျွန်တော်တို့က တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း ဒီအလုပ်လုပ်နေတဲ့သူတွေနဲ့ စကားပြောမယ်။ အခုမေးကြည့်တာကိုတော့ ထောက်ခံချက်ရှိသလားမေးတော့ မရှိဘူးပြောပါတယ်။ ဒီမှာတူးနေတဲ့သူတွေနဲ့ ဆက်သွယ်တဲ့သူကရော ထောက်ခံချက် ရှိသလားမေးတော့လည်း မသိဘူးတဲ့။ အခုတော့ ကျွန်တော်တို့က တာဝန်ရှိတဲ့သူတွေကို သက်ဆိုင်ရာအဆင့်ဆင့် သိအောင်တင်ပြသွားမယ်။ အခုခိုးထုတ်တဲ့နေရာက ချင်းပြည်နယ်ဘက်မှာပါ။ တောင်ပေါ်ဘက်မှာ သွားတူးပြီး ခေါင်းနဲ့ရွက်သယ်တယ်။ ပုံးအ၀ါတွေနဲ့ သယ်ကြပါတယ်။ တောင်အောက်ကို ခြေလျင်လမ်းနဲ့ချရတာပေါ့။ ဒီလိုတူးဖော်နေတာ ဖေဖော်ဝါရီ ၇ ရက်ကနေ စလုပ်တယ်ပြောတယ်။ ဒီခရိုမိုက်တွေကို မကြာခဏခိုးထုတ်တာတွေရှိပါတယ်။ တခြားနေရာတွေမှာလည်း ခိုးထုတ်နေသလားဆိုတာ မသိနိုင်ဘူး။ ကျွန်တော်တို့ကတော့ ဒီလိုလုပ်လို့ ဘာဖြစ်မလဲဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာကို လူတိုင်းလုပ်လာကြမယ်ဆိုရင်၊ ဆင့်ပွားလုပ်ကြမယ်ဆိုရင် များလာနိုင်တဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ကတော့ ဒီလိုလုပ်တာ လူနည်းစုကောင်းစားရေးအတွက် လုပ်နေတဲ့ပုံစံဖြစ်နေတော့ ပြဿနာဖြေရှင်းလို့မရဘူးဆိုတဲ့ အခြေအနေရောက်မသွားအောင် တားမြစ်တာပါ” ဟု ချင်းတောင် သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ကိုလျှံတွမ်က ပြောကြားသည်။

February 15, 2018














Copy Protected by Chetan's WP-Copyprotect.