မွန်ပြည်နယ်နှင့် ဂျပန် Chiba ပြည်နယ်တို့ ချစ်ကြည်ရေးဒေသအဖြစ် အပြန်အလှန် ရင်းနှီးမြှုပ်နံှမှုပြုရန် အကြိုလာရောက်ဆွေးနွေး

မွန်ပြည်နယ်နှင့် ဂျပန် Chiba ပြည်နယ်တို့ ချစ်ကြည်ရေးဒေသအဖြစ် အပြန်အလှန် ရင်းနှီးမြှုပ်နံှမှုပြုရန် အကြိုလာရောက်ဆွေးနွေး
Published 15 February 2018

မွန်ပြည်နယ်နှင့် ဂျပန် Chiba ပြည်နယ်တို့ ချစ်ကြည်ရေးဒေသအဖြစ် အပြန်အလှန် ရင်းနှီးမြှုပ်နံှမှုပြုရန် အကြိုလာရောက်ဆွေးနွေးမှုတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်

မွန်ပြည်နယ်နှင့် ဂျပန်နိုင်ငံ Chiba ပြည်နယ်တို့ကို ချစ်ကြည်ရေးဒေသအဖြစ် သတ်မှတ်ပြီး အပြန်အလှန်ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပဏာမလာရောက်ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၃ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“မွန်ပြည်နယ်နဲ့ ဂျပန်နိုင်ငံက Chiba ပြည်နယ်။ နှစ်ပြည်နယ် ဘယ်လိုပူးပေါင်းချိတ်ဆက်ပြီး မိတ်ဆွေသဘောမျိုးပေါ့။ ပြည်နယ်အချင်း၊ မြို့နယ်အချင်းသွားမှာလား လာတွေ့တာပါ။ ဝန်ကြီးချုပ်က NCA ကိစ္စ ခရီးထွက်နေတော့ မတွေ့လိုက်ရပါဘူး။ ရှေ့ပြေးအနေနဲ့ သူတို့လာပြီးလုပ်နိုင်တာတွေ၊ ဥပမာ ကား၊ ရေခဲသေတ္တာ၊ လျှပ်စစ်ပစ္စည်းအသုံးမလို စွန့်ပစ်ပစ္စည်းကနေ အင်နာဂျီထုတ်မယ်။ လောင်စာတောင့်တွေ ပြန်ထုတ်မယ်ဆိုတဲ့သဘောပေါ့။ လျှပ်စစ်ပစ္စည်းအဟောင်းတွေက နိုင်ငံတကာမှာဆိုရင် ပစ်လို့မရဘူး။ ဒီမှာက ထင်သလိုပစ်နေကြတယ်။ သူတို့နိုင်ငံမှာ ၁၀ နှစ်ဆို အကုန်ပြန်ကျိုပြီး Recycle ပြန်လုပ်တယ်။ Recycle ကိစ္စတွေ၊ ဂျပန်ပစ္စည်းတွေ ယိုးဒယားကနေ မြန်မာဈေးကွက်ကို ပြန်သွင်းနေတာ။ သူတို့က မြန်မာနဲ့ တိုက်ရိုက်ဈေးကွက်လုပ်ချင်တာ။ မွန်ပြည်နယ် စိုက်ပျိုးရေးဈေးကွက်နဲ့ သဘာဝချင်းတူနေလို့။ Chiba ဆိုတာ တိုကျိုနားမှာပါ။ စိုက်ပျိုးရေးတွေအများဆုံး။ ဂျပန်ကို ပံ့ပိုးနေတဲ့ပြည်နယ်ပါ။ ရှာကြည့်လိုက်တော့ မွန်ပြည်နယ်ရဲ့ သီးနံှစိုက်ပျိုးရေးလုပ်တဲ့ ပြည်နယ်ဖြစ်နေလို့ သူတို့လာတာပါ” ဟု တွေ့ဆုံမှုတွင်ပါဝင်သူ မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

ယင်းနောက် မွန်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာပံ့ပိုးရန်နှင့် ကုမ္ပဏီများတွင် နည်းပညာသင်တန်းတက်ရောက်၍ လုပ်ငန်းခွင်ဝင်နိုင်ရန်၊ မော်လမြိုင်လေဆိပ် အဆင့်မြင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ ၎င်းတို့ကလည်း မြို့တော်ဝန်ကို ပြန်လည်တင်ပြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ထပ်မံလာရောက်တွေ့ဆုံ တင်ပြရန်ရှိကြောင်း ဦးမင်းကျော်လွင်က ပြောကြားသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး မင်းထင်အောင်ဟန် (လျှပ်စစ်စွမ်းအင်၊ စက်မှု)၊ ဝန်ကြီး ဦးမင်းကျော်လွင် (ဆောက်လုပ်ရေး၊ စည်ပင်)၊ ဝန်ကြီးဦးထွန်းဌေး (စိုက်ပျိုးမွေးမြူ၊ ပို့ဆက်) နှင့် ဂျပန်နိုင်ငံ Recycle ပြည်နယ်မှတာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent