သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ဆောင်ရွက်မည့် Master Plan အရ စီမံကိန်း ၁၄၂ ခု ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၄၈ ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည်

သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ဆောင်ရွက်မည့် Master Plan အရ စီမံကိန်း ၁၄၂ ခု ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၄၈ ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည်
Published 15 February 2018

ရန်ကုန်မြို့ပတ် မီးရထားလမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ဆောင်ရွက်မည့် ပို့ဆောင်ရေး Master Plan အရ စီမံကိန်းပေါင်း ၁၄၂ ခုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီ Master Plan မှာပါတဲ့ လိုအပ်တဲ့စီမံကိန်းပေါင်း ၁၄၂ ခုရှိပါတယ်။ အဲဒီတွက်ချက်မှုအရ ၄၈ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လျက်ရှိတယ်ဆိုတာ ပြပါတယ်။ ဒီလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင် ခန့်မှန်းခြေတွက်ချက်မှုအနေနဲ့ GDP တက်လာနိုင်တဲ့မျှော်မှန်းမှုကို ဒါ ADB တို့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေက တွက်ချက်ထားပါတယ်။ ဒီ Transport Master Plan နဲ့ဆက်စပ်ပြီး ဆောင်ရွက်တဲ့ Master Plan တွေလည်းရှိပါတယ်။ ဒါတွေအားလုံးက ပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ စီမံကိန်းများဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

အဆိုပါစီမံကိန်း ၁၄၂ ခုအနက် လမ်းပိုင်းဆိုင်ရာကဏ္ဍတွင် စီမံကိန်း၄၈ ခု၊ မီးရထားလမ်းကဏ္ဍတွင် စီမံကိန်း ၁၄ ခု၊ ကုန်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စီမံကိန်း ၃၃ ခု၊ ရေကြောင်းကဏ္ဍတွင် စီမံကိန်း ၁၅ ခုနှင့် လေကြောင်းလိုင်းကဏ္ဍတွင် စီမံကိန်း ၃၂ ခု စုစုပေါင်း စီမံကိန်းပေါင်း ၁၄၂ ခုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများ၏ ရာခိုင်နှုန်း ၆၀ သည် အရည်သွေးနိမ့်ကျနေကြောင်း၊ အဆိုပါ ပို့ဆောင်ဆက်သွယ်ရေး လမ်းပိုင်းဆိုင်ရာများကို ရင်းနှီးမြှုပ်မှုများဝင်ရောက်လာပြီး မီးရထားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများ ရာနှုန်းပြည့်ကောင်းမွန်လာပါက လက်ရှိ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို ရာခိုင်နှုန်း ၃၀ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွက်ချက်မှုမှာလည်း ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်။

“အဲဒီလို ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ကျွန်တော်တို့ ပို့ဆောင်ရေးကုန်ကျစရိတ်ကိုလည်း လက်ရှိအနေအထားကနေ ရာခိုင်နှုန်း ၃၀ လောက် လျှော့ချနိုင်မယ်လို့ထင်ပါတယ်။ GDP တွက်ချက်မှုအနေအထားအရလည်း ၁၃ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ မှန်းပါတယ်” ဟု ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် National Transport Master Plan စီမံကိန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Master Plan အတွက် ဆောင်ရွက်ရမည့် အဓိကမူဝါဒပိုင်းဆိုင်ရာ၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ၊ မူဝါဒနှင့် အခြေခံအဆောက်အအုံပိုင်း နှစ်ခုပေါင်းကိုပါ စဉ်းစားလေ့လာပြီး ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မီးရထားပို့ဆောင်ရေးကဏ္ဍ လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင်ပြုလုပ်သည့် Myanmar-Korea Investment Promotion Seminar တက်ရောက်လာသော ကိုရီးယားနိုင်ငံ မီးရထားအဖွဲ့အစည်းက တင်ပြခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လမ်းပိုင်းဆိုင်ရာ အရည်သွေးမြှင့်တင်ရန်လိုအပ်နေပြီး အဆိုပါကဏ္ဍ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို လာရောက်လုပ်ကိုင်စေလိုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြန်လည်ဖြေကြားသည်။

Most Read

Most Recent