စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ယခင်ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်အတွင်း ပိုမိုများပြားလာ

စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ယခင်ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်အတွင်း ပိုမိုများပြားလာ
Published 15 February 2018

စစ်ကိုင်းတောင်သို့ လာရောက်လေ့လာနေသော ကမ္ဘာလှည့်ခရီးသွားများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်

ယခင်ဘဏ္ဍာနှစ်များထက် ယခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ပိုများလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားသည့်နေရာများမှ ရရှိထားသည့်စာရင်းများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှိုင်းယှဉ်ပါက ၃၀ ဒသမ ၉၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီမှ နိုဝင်ဘာအထိနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စ ဧပြီမှ နိုဝင်ဘာလအထိ နှိုင်းယှဉ်သည့်အခါ ၁၄ ဒသမ ၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

“၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇-၂၀၁၈ ဧပြီမှ ဒီဇင်ဘာချင်းယှဉ်မယ်ဆို စစ်ကိုင်းက အပေါင်း ၄၄ ဒသမ ၄ ရာခိုင်နှုန်းတက်လာတယ်။ ယခင်နှစ်တွေထက်စာရင် အများကြီးကွာခြားသွားတယ်။ အရင်နှစ်တွေ အနုတ်ပြတယ်။ စစ်ကိုင်းမှာ ပြည်တွင်းပြည်ပခရီးသွားတွေ အများကြီးတည်းလာပြီဆိုတဲ့ လက်တွေ့ကျကျစာရင်းပါ။ စစ်ကိုင်းမြို့ရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ နောက်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ မှာ ရာခိုင်နှုန်း ၅၀ တိုးတက်လာမယ်လို့ မှန်းထားပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွား ၆၆၇၁ ဦး ဝင်ရောက်တည်းခိုခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၉၆၄၈ ဦး ဝင်ရောက်တည်းခိုခဲ့ကြောင်း ဟိုတယ်နှင့်ခရီးမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ ကသာ၊ ခန္တီးမြို့တွင် ခရီးသွားဇုန်ခြောက်ဇုန်ကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းခရီးသွားဇုန် ခြောက်ဇုန်တွင် ခရီးစဉ်အလိုက် တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများ၊ ရှေးဟောင်းအဆောက်အအုံများ၊ စိတ်ဝင်စားဖွယ် လေ့လာနိုင်သည့်နေရာများ၊ အမှတ်တရဒေသထွက် ပစ္စည်းများပါဝင်ကြောင်း သိရသည်။

Most Read

Most Recent