ရိုက်တာသတင်းထောက်နှစ်ဦးနှင့်ပတ်သက်ပြီး တရားရုံး၌ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်မှ တရားရုံးတွင် ထွက်ဆိုခဲ့သည့်အတိုင်း သတင်းဖော်ပြခြင်းမရှိဟုဆိုကာ 7Day Daily အား မီဒီယာကောင်စီသို့ တိုင်ကြား

ရိုက်တာသတင်းထောက်နှစ်ဦးနှင့်ပတ်သက်ပြီး တရားရုံး၌ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်မှ တရားရုံးတွင် ထွက်ဆိုခဲ့သည့်အတိုင်း သတင်းဖော်ပြခြင်းမရှိဟုဆိုကာ 7Day Daily အား မီဒီယာကောင်စီသို့ တိုင်ကြား
Published 14 February 2018

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်ပြီး တရားရုံး၌ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်မှ တရားရုံးတွင် ထွက်ဆိုခဲ့သည့်အတိုင်း သတင်းဖော်ပြခြင်းမရှိဟုဆိုကာ ဒုတိယရဲမှူးကြီးယုနိုင်မှ 7Day Daily အား မီဒီယာကောင်စီသို့ တိုင်ကြားထားကြောင်း သိရသည်။

တိုင်ကြားစာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့မရဲစခန်းမှ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပေါ် တရားစွဲတင်ပို့ရာ ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်တွင် တရားလိုပြုလုပ်တိုင်တန်းသူ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်မှ တရားရုံး၌ ထွက်ဆိုခဲ့သည့်ထွက်ဆိုချက်များအပေါ် ၂၀၁၈ ဇန်နဝါရီ ၂၄ ရက် 7Day Daily တွင် သတင်းရေးသားသူ၏ ထင်မြင်ယူဆချက် အာဘော်များဖြင့် ရေးသားဖော်ပြထားသည့်အပြင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောအရေးအသားမျိုး ရေးသားထားကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ဒုတိယရဲမှူးကြီး ယုနိုင်၏ တရားရုံးထွက်ဆိုချက်တွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင့် တရားစွဲဆိုရန်တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်စွဲပါ အမှတ် ၁၀၂ (၁)/၈/ သမ္မတရုံးမှ ပုံ မြင့်ဆွေ ခေတ္တနိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမိန့်အရ ကျွန်တော်၏အမည်ဖြင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုနိုင်ရန် အခွင့်အာဏာအပ်နှင်းခဲ့ပါသည်ဟု ထွက်ဆိုချက်အပေါ် 7Day Daily ဂျာနယ်တွင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် တရားစွဲဆိုရန် အဆိုပါရက်ပိုင်းတွင် ခေတ္တသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသော ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က တရားရုံးတွင်ထွက်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဒုတိယရဲမှူးကြီး ယုနိုင်၏ တရားရုံးရှေ့ထွက်ဆိုချက်တွင် ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့အား ကျွန်တော်တို့အဖွဲ့မှ အရေးယူထားခြင်းမရှိဆိုလျှင် ကျွန်တော်ခရိုင်အတွင်း၌ အရေးယူထားခြင်းမရှိပါဟု ထွက်ဆိုချက်ကို 7Day Daily ဂျာနယ်ကဖော်ပြရာတွင် ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ၎င်း၏နယ်မြေဖြစ်သော မြောက်ပိုင်းခရိုင်အတွင်း ဖမ်းဆီးအရေးယူထားခြင်းမရှိကြောင်း တရားလိုဖြစ်သူ ဒုတိယရဲမှူးကြီး ယုနိုင်က ထွက်ဆိုသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ယင်းအပြင် စွပ်စွဲခံထားရသော သတင်းထောက်နှစ်ဦးသည် သတင်းလုပ်ငန်းကို ကျင့်ဝတ်နှင့်အညီလုပ်ကိုင်ကြသော သတင်းထောက်များဖြစ်သည်ကို သိသလားဆိုက သတင်းမီဒီယာဥပဒေအတိုင်း ဆောင်ရွက်ဆိုတာကိုတော့ သိပါသည်ဟု ထွက်ဆိုချက်တွင် 7Day Daily ဂျာနယ်တွင်ဖော်ပြရာ၌ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် သတင်းမီဒီယာဥပဒေအတိုင်း ဆောင်ရွက်ခဲ့သည်ဟုသိထားပြီး ၎င်းတို့နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေဖြင့် တရားစွဲဆိုရန် ထိုစဉ်က ခေတ္တသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရသော ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီး ယုနိုင်က ထွက်ဆိုခဲသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဒုတိယရဲမှူးကြီး ယုနိုင် ထွက်ဆိုချက်ဖြစ်သည့် ၂၀၁၉ သြဂုတ် ၂၅ ရက်မှ ၂၀၁၇ အောက်တိုဘာ ၁၃ ရက်အထိ ဘင်္ဂါလီ၊ တိုင်းရင်းသားကျေးရွာများ၏ မီးလောင်မှုအခြေအနေ၊ နေထိုင်မှုအခြေအနေ၊ လူဦးရေစာရင်းများ အစီရင်ခံစာမိတ္တူတစ်စောင် (ပူးတွဲဇယားနှစ်ရွက်)၊ ဖုန်းအမှတ် ၀၉ ၇၈၆၆၀၉၆၉၅၂၊ ၀၉၄၅၀၈၆၅၁၈၀ နံပါတ်ပါ Vivo အမျိုးအစားမော်ဒယ်အမှတ် Y-31 လက်ကိုင်ဖုန်းတစ်လုံး၊ CB Bank စာတမ်းပါ ATM ကတ်တစ်ခု၊ CB Bank စာတမ်းပါ Visa ကတ်တစ်ခု၊ မြန်မာငွေရောရာ ၁၇၇၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှူးမင်းသန်းမှ သတင်းပို့ခဲ့ပါသည်ဟု ထွက်ဆိုချက်တွင် 7Day Daily ဂျာနယ်တွင်ဖော်ပြရာ၌ ရိုက်တာသတင်းထောက် ကိုဝလုံးထံမှ ၂၀၁၇ သြဂုတ် ၂၈ ရက်စွဲပါ ရခိုင်ပြည်နယ်၊ မောင်တောဒေသ တိုက်ပွဲဖြစ်စဉ်တွင် ကျန်ရှိသောလက်နက်ခဲယမ်းများပါ အစီရင်ခံစာမိတ္တူနှင့် ပူးတွဲပါစာစောင်သိမ်းဆည်းရမိပြီး သတင်းထောက် ကိုကျော်စိုးဦးထံမှ ၂၀၁၇ မေ ၂၅ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီတိုင်းရင်းသားကျေးရွာများ၏ မီးလောင်မှုအခြေအနေ၊ လူဦးရေစာရင်းနှင့် လူနေထိုင်မှုအခြေအနေများပါ မိတ္တူတစ်စောင်နှင့်ပူးတွဲပါ စာတစ်စောင်ကို သိမ်းဆည်းရမိကြောင်း တရားလိုဒုရဲမှူးကြီးက ထွက်ဆိုသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးယုနိုင်က တရားရုံးရှေ့တွင် ထွက်ဆိုခဲ့သော ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုနိုင်ရန် အခွင့်အာဏာအပ်နှင်းခြင်းဆိုသည့် စကားရပ်ကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ဖော်ပြခြင်းမှာ ထွက်ဆိုချက်စကားရင်းအတိုင်း ဖော်ပြခြင်းမပြုဘဲ သတင်းရေးသားသူ၏ ထင်မြင်ချက်အာဘော်အတိုင်း ရေးသားထားခြင်းမှ သတင်းမီဒီယာဥပဒေပုဒ်မ (၉)၊ အပိုဒ်(င)နှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

Most Read

Most Recent