<

ဆေးအရောင်းဆိုင်များရှိ ဆေးဝါးများ၏ အရည်အသွေး အာနိသင်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် FDA က နမူနာ ကောက်ယူနေပြီး သတ်မှတ်ချက်နှင့်မညီသည့် ဆိုင်များအား အရေးယူမည်

ဆေးအရောင်းဆိုင်များရှိ ဆေးဝါးများ၏ အရည်အသွေး အာနိသင်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် FDA က နမူနာ ကောက်ယူနေပြီး သတ်မှတ်ချက်နှင့်မညီသည့် ဆိုင်များအား အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် လေးခရိုင်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များရှိ ဆေးဝါးများ၏ အရည်အသွေး အာနိသင်နှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဈေးကွက်နမူနာ ကောက်ယူနေပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ဆေးဆိုင်များကို အမျိုးသားဆေးဝါး ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရန်ကုန်ရုံးခွဲမှ သိရသည်။

“လက်ရှိ ခရိုင်လေးခရိုင်လုံးမှာရှိတဲ့ ဆေးဆိုင်တွေအားလုံး၊ ဈေးတွေ ရပ်ကွက်တွေမှာ ရောင်းနေတဲ့ ဆေးဆိုင်တွေပါ ရှောင်တခင် စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကလည်း ဆေးဝါးဒိုင်တွေရှိတဲ့ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးတွေမှာရှိတဲ့ ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်တွေမှာ လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါး သိုလှောင်ရောင်းချမှု မရှိစေဖို့၊ ဆေးလက်ကား ရောင်းချခွင့်လိုင်စင် လျှောက်ထားဖို့အပြင် Good Pharmacy Practice နဲ့အညီ ရောင်းချဖို့ အသိပညာပေး ဟောပြောဆွေးနွေး တာတွေလည်း လုပ်ထားတယ်။ ဆေးဆိုင်တွေကို စစ်ဆေးတဲ့အခါ အဓိကဆေးဝါး ရောင်းချမှုလိုင်စင် ရှိ မရှိ၊ စပ်ဆေး၊ သက်တမ်းလွန်ဆေးဝါး၊ မှတ်ပုံမတင်ထားတဲ့ဆေး (လိုင်းဆေး) ရောင်းချမှု ရှိ မရှိ၊ ဆေးတွေကို စနစ်တကျ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရောင်းချမှု ရှိ မရှိတွေကို စစ်ဆေးပါတယ်။ အခုနောက်ပိုင်းမှာ ဒါတွေအပြင် ရောင်းနေတဲ့ ဆေးဝါးတွေရဲ့အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ ဈေးကွက်နမူနာတွေ ၀ယ်တယ်။ စစ်မယ်။ ပြီးရင်သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆိုင်တွေကို အရေးယူတာတွေ ဆက်တိုက် လုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ပထမပတ်အတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးရှိ ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်များတွင် လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါးများ သိုလှောင် ရောင်းချမှု မရှိစေရေးနှင့် ဆေးလက်ကား ရောင်းချခွင့်လိုင်စင် လျှောက်ထားရန် အသိပေးထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဆေးဝါးလက်လီ၊ လက်ကား ရောင်းချသူများအား ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ ရောင်းချနိုင်ရန်အတွက် ဆေးဆိုင်များ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ စပ်ဆေးအန္တရာယ်၊ အရည်အသွေး အာမခံချက် မရှိသော လိုင်းဆေး (မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသောဆေး) များနှင့် သက်တမ်းလွန်ဆေးဝါးများ သိုလှောင်ရောင်းချမှု မရှိစေရေးနှင့် ဆေးဆိုင်လိုင်စင် ပုံမှန်သက်တမ်းတိုးရေး၊ ဆေးလက္ကား ရောင်းချခွင့်လိုင်စင် လျှောက်ထားရန်တို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ဆေးဝါးရောင်းချသူများ အနေဖြင့် သိသင့်သည့် အမျိုးသားဆေးဝါး ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားဆေးဝါး ဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါး၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသောဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသော ဆေးဝါး၊ ကျန်းမာရေး ၀န်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြေညာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်း ချခြင်းများ ပြုလုပ်ခဲ့ပါက ယင်းဥပဒေဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံးကျပ် ၅၀၀၀၀၀ အထိ ဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်း ဖော်ပြထားသည်။

 

February 13, 2018














Copy Protected by Chetan's WP-Copyprotect.