မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီး သံလွင်ဈေးရှေ့ရှိ စက်သုံးဆီ သိုလှောင်ရောင်းချသောနေအိမ်၌ မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီး သံလွင်ဈေးရှေ့ရှိ စက်သုံးဆီ သိုလှောင်ရောင်းချသောနေအိမ်၌ မီးလောင်မှုဖြစ်ပွား
Published 14 February 2018

မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုချမ်း)

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီး သံလွင်ဈေးရှိ စက်သုံးဆီ သိုလှောင်ရောင်းချသော နေအိမ်၌ ဖေေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီး အမှတ် ၅၉၀ နေ ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်း ၅၂ နှစ် (ဘ) ဦးတင်စိန်းနေအိမ်ရှိ တရားမဝင် စက်သုံးဆီရောင်းချသည့်နေရာ၌ ဆီပြောင်းလဲထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်နီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဇော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးသတ်ယာဉ် ၁၀ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၂ နာရီ မိနစ် ၃၀တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်းပိုင်ဆိုင်သည့် ၂၀ × ၅၀ ပေခန့်ရှိ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံး၊ ဦးမြင့်ဦးပိုင်ဆိုင်သည့် ၁၂ × ၂၀ ပေခန့်ရှိ နှစ်ထပ်ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ်ဆိုင်ခန်းတစ်လုံး၊ ဦးအောင်မြတ်ပိုင်ဆိုင်သည့် နေအိမ်ဘေးခြမ်း သုံးထပ်အုတ်ကာ နံရံအနည်းငယ်နှင့် ဦးမောင်မောင်အေး (ခ) အပ္ပရောင်းပိုင်ဆိုင်သည့် ၁၅ × ၂၀ ပေခန့်ရှိ ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုးဆိုင်ခန်းတစ်ခန်း၊ ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်းနေအိမ်အတွင်းရှိ Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဦးမောင်မောင်အေး (ခ) အပ္ပရောင်းပိုင်ဆိုင်ခန်းအနောက်ရှိ ဂိုဒေါင်အတွင်းမှ Nissan အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဦးမြင့်ဦး၏နေအိမ် ဆိုင်ခန်းအနောက်ဘက်၌ အသုံးမပြုဘဲစွန့်ပစ်ထားသော အမျိုးအစားစိစစ်ဆဲ မော်တော်ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် မီးလောင်မှုစတင်ဖြစ်ပွားရာ နေအိမ်ပိုင်ရှင် ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်းတွင် မျက်နှာ၊ လက်နှစ်ဘက်၊ ဝမ်းဗိုက်နှင့် ခြေထောက်များ မီးအနည်းငယ်လောင်ကျွမ်းခဲ့ပြီး မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားခွဲစိတ်ကုသဆောင်၌ အတွင်းလူနာအဖြစ် တင်ပို့ကုသထားရှိကြောင်းနှင့် လူသေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်များမှ မိသားစုဝင်များသည် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ပေါက်ကွဲသံကြားလို့ ပြေးလာတာ။ အဲဒီအချိန်မှာ မီးတောက်ကအရမ်းကြီးနေပြီ။ မီးအားပြင်းတော့ သံဖရိန်တွေပါ ကောက်ကုန်တယ်” ဟု မီးလောင်မှုအား ငြှိမ်းသတ်ခဲ့သူ ဘိုကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်ဇော်မင်း (ခ) ဦးဇော်မင်းအပေါ် မော်လမြိုင်မြို့မရဲစခန်းမှ (ပ)၁၀၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Most Read

Most Recent