အခွန်စည်းကြပ်မှုမှ အကြောင်းအမျိုးမျိုးကြောင့် လွတ်ကင်းခဲ့သည့် ဝင်ငွေများကို သတ်မှတ်အခွန်နှုန်းဖြင့် သတ်မှတ်ကာလအတွင်း ပေးဆောင်နိုင်ရန် ပြဋ္ဌာန်းထားပြီး အခွန်တိမ်းရှောင်မှုများအတွက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း တင်သွင်းစဉ် ဒုတိယဝန်ကြီး ပြောကြား

အခွန်စည်းကြပ်မှုမှ အကြောင်းအမျိုးမျိုးကြောင့် လွတ်ကင်းခဲ့သည့် ဝင်ငွေများကို သတ်မှတ်အခွန်နှုန်းဖြင့် သတ်မှတ်ကာလအတွင်း ပေးဆောင်နိုင်ရန် ပြဋ္ဌာန်းထားပြီး အခွန်တိမ်းရှောင်မှုများအတွက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း တင်သွင်းစဉ် ဒုတိယဝန်ကြီး ပြောကြား
Published 14 February 2018

အခွန်စည်းကြပ်မှုမှ အကြောင်းအမျိုးမျိုးကြောင့် လွတ်ကင်းခဲ့သည့် ဝင်ငွေများကို သတ်မှတ်အခွန်နှုန်းဖြင့် သတ်မှတ်ကာလအတွင်း ပေးဆောင်နိုင်ရန် ပြဋ္ဌာန်းထားပြီး အခွန်တိမ်းရှောင်မှုများအတွက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း တင်သွင်းစဉ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဒုတိယဝန်ကြီးက “အခုတင်သွင်းတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းမှာ ထူးခြားချက်အနေနဲ့ နိုင်ငံတော်အတွက် အထူးအကျိုးရှိစေမယ့် ပြဋ္ဌာန်းချက်တစ်ခု ထည့်သွင်းထားပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး၊ နိုင်ငံသားတိုင်း စီးပွားရေး လုပ်ငန်းတွေမှာ မိမိတို့ ထည့်ဝင်ထားရှိတဲ့ ထည့်ဝင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိုးရိမ်ကြောင့်ကြမှု ကင်းစေရေး၊ နောင်အခါတွင် ဥပဒေဘောင်အတွင်းမှ လိုက်နာနေထိုင် လာစေရေးအတွက် ယခင်ကာလတွေတုန်းက အခွန်စည်းကြပ်မှုကနေ အကြောင်း အမျိုးမျိုးကြောင့် လွတ်ကင်းခဲ့တဲ့ ဝင်ငွေတွေကို သတ်မှတ်အခွန်နှုန်းနဲ့ သတ်မှတ်အချိန် ကာလအတွင်း ပေးဆောင်နိုင်စေဖို့ အခွင့်အလမ်း ဖော်ထုတ်ပေးတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ အဲ့ဒီကိစ္စအတွက် သီးသန့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်ဆိုရင် အချိန်ကြာမြင့်နိုင်တဲ့အတွက် ၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်း ဆောင်ရွက်ခြင်းက ပိုမိုသင့်လျော်တာကို တွေ့ရှိရပါတယ်။ ဤပြဋ္ဌာန်းချက်အရ ပြည်သူအများ လက်ဝယ်တွင်ရှိပြီး တရားမဝင်တဲ့ နည်းလမ်းနဲ့ ရရှိတဲ့ငွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ငြိမ်သက်နေတဲ့ ငွေကြေးတွေကို စီးပွားရေးနယ်ပယ်အတွင်း ဝင်ရောက်လည်ပတ် လာစေနိုင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရရှိလာမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ဒီအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ပေးထားတဲ့အချိန်က တစ်နှစ်တာကာလ (၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ) ဖြစ်ပါတယ်။ ယင်းသို့ဆောင်ရွက်ရာတွင် တရားမဝင်တဲ့နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဝင်ငွေနဲ့ ငွေကြေးတွေအပေါ်မှာသာ ဤဥပဒေနဲ့ အခွင့်အလမ်း တစ်ခုအဖြစ် ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ဤသို့ ဆောင်ရွက်ပြီးပါက ဝင်ငွေခွန်ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဆိုတဲ့ ခေါင်းစဉ်ကို ဝင်ငွေခွန် ဥပဒေအသစ် ပြဋ္ဌာန်းချိန်မှာ ပယ်ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။ နောင်တွင် ဝင်ငွေခွန်ဥပဒေ အသစ်အတိုင်းသာ အခွန်ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဤအခွင့်အရေးဟာ အခွန်ပေးဆောင်ရမှာ ဖြစ်သော်လည်း စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေကို ပြန်လည်ပေးဆောင်နိုင်ဖို့ နောက်ဆုံးရရှိတဲ့ အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ နောင်မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေဟူသော အသုံးအနှုန်း ရှိတော့မှာမဟုတ်ဘဲ အခွန်တိမ်းရှောင်မှုတွေအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေ အပြည့်အ၀ ရရှိရေး၊ ပြည်သူအများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတ တိုးပွားပြီး လိုလားစွာ အခွန်ထမ်းဆောင်စေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတကာစံနှုန်းနှင့် လျော်ညီသော အခွန်စနစ် ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုများ လျော့နည်းပပျောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အခွန်ထမ်းများ၏ စိတ်ထားနှင့် ခံယူချက် လုပ်ဆောင်ချက်များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်စွာ ကျင့်သုံးဆောင်ရွက်ရေးအတွက် ဌာနအဖွဲ့အစည်းများမှ ဆောင်ရွက်သကဲ့သို့ အခွန်ထမ်းပြည်သူများ ဘက်မှလည်း မိမိတို့၏ အကျိုးစီးပွား တစ်ခုတည်းကို ကြည့်ရန်မသင့်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အခွန်တာဝန်များကို လိုလားစွာ ထမ်းဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက အခွန်အကောက် ဥပဒေကြမ်း တင်သွင်းစဉ် ပြောကြားသည်။

ယင်းပြဋ္ဌာန်းချက်အား အကောင်အထည်ဖော်ရာတွင် အောက်ဖော်ပြပါ အခြေခံအချက်များနှင့် ကိုက်ညီသည့် ဝင်ငွေများကို လက်တွေ့စီးပွားရေး နယ်ပယ်အတွင်း ဝင်ရောက်လည်ပတ် လာစေနိုင်ရေးအတွက် အခွင့်အလမ်း ဖန်တီးပေးရန် ရည်ရွယ်ကြောင်း၊ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများ၏ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသောငွေနှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်ပတွင်ရှိသော သို့မဟုတ် ရရှိသော ဝင်ငွေများ၊ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများ၏ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသောငွေနှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်တွင်းတွင်ရသော သို့မဟုတ် ရရှိသော ငွေကြေးများနှင့် ပိုင်ဆိုင်မှုများ၊ ပုဒ်မ ၂၅ တွင် အထက်ပါ အခြေခံအချက်များနှင့် ကိုက်ညီသော ပြည်တွင်းနိုင်ငံသား သို့မဟုတ် ပြည်ပနေ နိုင်ငံသားများ၏ ပြည်ပတွင်ရှိသော သို့မဟုတ် ရရှိသော ဝင်ငွေများ၊ ပြည်တွင်းတွင်ရှိသော သို့မဟုတ် ရရှိသော ငွေကြေးများ၊ ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အကျုံးဝင်အောင် ဆောင်ရွက်ပေးနိုင်ရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅ ဖြင့် ပြဋ္ဌာန်းခဲ့သည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်ရန် အခွန်နှုန်း သတ်မှတ်သည့် ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရေးဆွဲထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။