<

မျိုးသုဉ်းလုနီး ရှားပါးမြစ်တွေးငှက် (River Tern) အသိုက် ၁၁ ခုကို ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်အကြားတွင် တွေ့ရှိထိန်းသိမ်းထားကြောင်း သိရ

မြစ်တွေးငှက်သိုက်တစ်ခုအား တွေ့ရစဉ် (Photo: WCS Myanmar)

မျိုးသုဉ်းလုနီး ရှားပါးမြစ်တွေးငှက် (River Tern) ဒေသအခေါ် စင်ရော်ငှက်အသိုက် ၁၁ ခုကို ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်ကြားတွင် တွေ့ရှိထိန်းသိမ်းထားကြောင်း သိရသည်။

မြစ်တွေးငှက်များ၏ သားပေါက်ရာသီဖြစ်သော ဇန်န၀ါရီမှ မတ်အတွင်း မြစ်တွေးငှက်သိုက်များကို ရှာဖွေထိန်းသိမ်းမှုများပြုလုပ်ကြရာ ထိုငှက်များ အဓိကနေထိုင်ကျက်စားရာ ဒေသဖြစ်သော ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ကြားရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် တွေ့ရှိထားခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ငှက်ကျွမ်းကျင်ပညာရှင် ဦးနိုင်လင်း၏ ပြောကြားချက်အရ သိရသည်။

“၂၀၁၇ ခုနှစ်က ဧရာဝတီနဲ့ ချင်းတွင်းမှာ မြစ်တွေးငှက်သိုက်ပေါင်း ၄၁ သိုက် တွေ့ရှိခဲ့ပါတယ်။ ဒီနှစ် သားပေါက်ရာသီရဲ့ တစ်ဝက်မှာတော့ အသိုက်ပေါင်း ၁၁ သိုက်တွေ့ထားပါတယ်။ အကုန်လုံးက ဟုမ္မလင်းနဲ့ ခန္တီးကြားမှာတွေ့တာပါ။ မြစ်တွေးငှက်တွေက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြီး နှစ်ခုမှာရှိတယ်ဆိုပေမဲ့ ခန္တီးနှင့် ဟုမ္မလင်းကြားက သူတို့ရဲ့မိတ်လိုက်မျိုးပွားရာဒေသနှင့် သားပေါက်၊ အသိုက်ဆောက်ရာ အကောင်းဆုံးနေရင်းဒေသဖြစ်တဲ့အတွက် အဲဒီနေရာမှာပဲ အဓိကရှာဖွေထိန်းသိမ်းထားတာပါ” ဟု ဦးနိုင်လင်းမှ ပြောကြားသည်။

မြစ်တွေးငှက်များသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်လည်း ရှားပါးလာသည့်ငှက်မျိုးစိတ်ဖြစ်ပြီး IUCN Red List တွင်ထည့်သွင်းထားကြောင်း သိရသည်။ မြစ်တွေးငှက်များသည် မြန်မာနိုင်ငံ၏ ရေချိုမြစ်ကြီးများတွင် ယခင်က ပေါများစွာ နေထိုင်ကျက်စားခဲ့သော်လည်း ၂၀၁၇ သုတေသနပြုလုပ်ချက်များအရ ယင်းတို့အဓိကကျက်စားသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်းတွင် အနည်းဆုံးအကောင်ရေ ၁၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အချိန်အခါမဲ့ မြစ်ရေကြီးခြင်း၊ မြစ်ကြီးများရှိ သဲသောင်များပျောက်ဆုံးလာခြင်း၊ လူများ၏ စိုက်ခင်းများတိုးချဲ့လာခြင်းနှင့် ၎င်းတို့၏ဥများကို ဖျက်ဆီးယူငင်စားသောက်ခံရခြင်းတို့ကြောင့် မြစ်တွေးငှက်များရှားပါးလာရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ ဒီငှက်တွေက သဲသောင်ပြင်တွေမှာပဲ နေထိုင်ကျက်စားတယ်။ ဥချတယ်။ သားပေါက်တယ်။ လူတွေက မြစ်ဘေးတွေ မြစ်အတွင်းတွေမှာ ရွှေလုပ်ငန်းတွေလုပ်ကြတာတွေကြောင့် သူတို့နေတဲ့ သဲသောင်ပြင်တွေ အခုနောက်ပိုင်းမှာ ပျက်စီးပျောက်ကွယ်ကုန်တယ်။ လူတွေက သဲသောင်တွေမှာ စိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးလာတာကြောင့်လည်း သူတို့နေစရာနေရာတွေ ပျောက်ကုန်တယ်။ ဆုံးရှုံးမှုဖြစ်ရဆုံး အဓိကအချက်ကတော့ အချိန်အခါမဲ့ မြစ်ရေကြီးတဲ့အခါ သူတို့ဥတွေ၊ အသိုက်တွေပျက်စီးရတယ်။ နောက်တစ်ခုက သူတို့ရဲ့ဥတွေကို လူတွေ၊ တိရစ္ဆာန်တွေက ဖျက်ဆီးယူငင်စားသောက်ခံရတယ်။ အဲဒါတွေကြောင့် သူတို့နေစရာနေရာ၊ ဥ ဥချစရာနေရာ၊ သားပေါက်စရာနေရာတွေ ပျောက်လာပြီး သူတို့တွေလည်း အကောင်ရေ တဖြည်းဖြည်းရှားလာရတာပေါ့” ဟု ဦးနိုင်လင်းမှ ပြောကြားသည်။

မြစ်တွေးငှက်များကို ရှေရှည်ထိန်းသိမ်းနိုင်ရန် ၎င်းတို့ သားပေါက်ချိန်ရာသီအတွင်း မြစ်တွေးငှက်များ အသိုက်ဆောက်လုပ်ဥချရာ အရေးပါသောသဲသောင်ခုံများ၊ ကျွန်းများတွင် သတိပေးတားမြစ်ချက်များ၊ မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များကို စိုက်ထူထားပြီး သစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် ဒေသခံများ ပူးပေါင်းစောင့်ကြပ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ၂၀၁၇ ခုနှစ်မှစတင်ပြီး ဆောင်ရွက်နေကြောင်း သိရသည်။

February 13, 2018














Copy Protected by Chetan's WP-Copyprotect.