သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံသားများ မြန်မာဘက်ကမ်းစပ်ထိ သဲစုပ်ယူမှုကို မြန်မာဘက်က ကန့်ကွက်ပြီးနောက် ပိတ်သိမ်းရန်အရေးယူ

သောင်ရင်းမြစ်အတွင်း ထိုင်းနိုင်ငံသားများ မြန်မာဘက်ကမ်းစပ်ထိ သဲစုပ်ယူမှုကို မြန်မာဘက်က ကန့်ကွက်ပြီးနောက် ပိတ်သိမ်းရန်အရေးယူ
Published 14 February 2018

ထိုင်းနိုင်ငံဘက်ခြမ်းက သဲစုပ်နေသည့် သောင်ရင်းမြစ်တစ်နေရာကို တွေ့ရစဉ်

ထိုင်းနိုင်ငံသား သဲကျောက်ထုတ်လုပ်သူများသည် သောင်ရင်းမြစ်တွင် မြန်မာဘက်ကမ်းစပ်ထိ သဲစုပ်ယူမှုကြောင့် မြစ်ကမ်းပါးပြိုကျနေသည့်အတွက် မြန်မာဘက်မှကန့်ကွက်ပြီးနောက် ပိတ်သိမ်းရန် အရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီအနေဖြင့် နှစ်ကြိမ်တိုင်တိုင်စာဖြင့် ကန့်ကွက်ခဲ့ပြီးဖြစ်သလို ယခုတစ်ကြိမ်တွင် မြဝတီမြို့နယ်ရှိ ရဟန်းရှင်လူပြည်သူများ သဲစုပ်၍ ကမ်ပြိုသည့်နေရာထိသွားရောက်ကာ ကန့်ကွက်ခဲ့ကြသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နယ် နယ်ခြားကော်မတီဝင်များက သဲစုပ်လုပ်ငန်းလုပ်ကိုင်သော ထိုင်းလုပ်ငန်းရှင်အား ခေါ်ယူစစ်ဆေးခဲ့ပြီး မြေပြင်တွေ့ရှိချက်နှင့် ထိုင်းလုပ်ငန်းရှင်ထွက်ဆိုချက်တို့ ပေါင်းစပ်သုံးသပ်ချက်အရ ထိုင်းလူမျိုးသဲထုတ်လုပ်ငန်းရှင်၏ သဲစုပ်ယူထုတ်လုပ်ခွင့်လိုင်စင်ကို ဖေဖော်ဝါရီ ၁၂ ရက်က ပိတ်သိမ်းအရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြဝတီမြို့အမှတ် ၅ ရပ်ကွက် ချစ်ကြည်ရေးတံတားအနီး သဲစုပ်ယူခြင်းကြောင့် ကမ်းပါးပြိုကျသောနေရာသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ သဲစုပ်လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။

မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ယခုကန့်ကွက်မှုမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်ကလည်း နှစ်ကြိမ်ကန့်ကွက်စာပို့ခဲ့ကြောင်းနှင့် သောင်ရင်းမြစ်အတွင်း မည်သည့်သဲကျောက်ထုတ်လုပ်မှုကိုမှ ခွင့်ပြုထားခြင်းမရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ ယခုကဲ့သို့ သောင်ရင်းမြစ်တွင် သဲလာစုပ်ခြင်းမှာ လေးလခန့်ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် သောင်ရင်းမြစ်ကမ်းပါး ပေ ၂၀ ခန့် မြန်မာဘက်ခြမ်းမှ ပြိုကျသွားခဲ့ပြီဖြစ်ကြောင်း၊ သဲစုပ်ယူခြင်းများကို ဟန့်တားခြင်းမပြုလုပ်ပါက ပေ ၇၀ ခန့် ထပ်မံပြိုကျသွားနိုင်ကြောင်း ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ လာရောက်သဲစုပ်ယူသည့်နေရာမှာ အမှတ် ၅ ရပ်ကွက် လူနေအိမ်ကျဲသည့် လူနေအိမ်မရှိသည့် မြစ်ကမ်းပါးကို လာရောက်စုပ်ယူခြင်းဖြစ်ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့်နီးပြီး လုံခြုံရေးအားနည်းသော နေရာဖြစ်ကြောင်း၊ ကမ်းပါးပြိုကျမှုမှ ကာကွယ်နိုင်ရန် မြစ်အတွင်း သဲစုပ်ယူခြင်းများအား ထိရောက်စွာတားမြစ်ရန် လိုအပ်ကြောင်း၊ သောင်ရင်းမြစ်ကမ်းစပ်တစ်လျှောက်ကိုလည်း အစိုးရအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent