အလုပ်သမားအခွင့်အရေးရရှိရေး လှိုင်သာယာစက်မှုဇုန်ရှိ Premier Coffee စက်ရုံမှ အလုပ်သမား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်

အလုပ်သမားအခွင့်အရေးရရှိရေး လှိုင်သာယာစက်မှုဇုန်ရှိ Premier Coffee စက်ရုံမှ အလုပ်သမား ၇၀၀ ခန့် ဆန္ဒထုတ်ဖော်
Published 14 February 2018

Premier Coffee စက်ရုံရှေ့၌ စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများကို တွေ့ရစဉ်

လှိုင်သာယာစက်မှုဇုန်ရှိ Premier Coffee စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေးရရှိရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၆ နာရီတွင် Premier Coffee စက်ရုံရှေ့၌ စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းတောင်းဆိုဆန္ဒထုတ်ဖော်မှုတွင် စက်ရုံရှိအလုပ်သမားအင်အား ၇၀၀ ခန့်ပါဝင်ပြီး ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။

“စုပေါင်းတောင်းဆိုမှုလုပ်ရတဲ့ အဓိကအကြောင်းကတော့ တောင်းဆိုထားတဲ့ တောင်းဆိုချက် ၁၅ ချက်ရှိပါတယ်။ အဓိက ကတော့ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေ တရားဝင်ခွင့်တိုင်ကြားပြီး ပျက်ကွက်တာကို ရက်မှန်ကြေးဖြတ်တောက်တာတွေ၊ နောက်ပြီး အလုပ်သမားတွေကို လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ ကြမ်းတိုက်ခိုင်းတာတွေ မှန်သုတ်ခိုင်းတာတွေ အပြင်ဆင်းအလုပ်သမားတွေကို အမြဲဆင်းအလုပ်သမားတွေလိုဘဲ တန်းတူအခွင့်အရေးပေးဖို့နဲ့ EC စာချုပ်ချုပ်ဆိုပေးဖို့တွေကို တောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေ မရမချင်းစုပေါင်းတောင်းဆိုမှုတွေ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး မခင်မမက ပြောကြားသည်။

တောင်းဆိုထားသည့်အချက်များမှာ KPI (လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ကောင်းမကောင်းအပေါ် အမှတ်ပေးခြင်း) သတ်မှတ်ချက်နှစ်မှတ်ကို ကျပ် ၂၂၀၀၀ အဖြစ်သတ်မှတ်ပေးရန်၊ KPI ငွေကြေးခံစားခွင့်ကို ခြောက်လမှ စတင်ခံစားပြုရန်၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်းမပြုရန်၊ အလုပ်သမားများအား EC စာချုပ်တွင်ချုပ်ဆိုထားသော အလုပ်ဌာနမှလွဲ၍ အခြားဌာနများသို့ ပြောင်းရွှေ့ခိုင်းစေခြင်းမပြုရန်၊ တရားဝင်ခွင့်တိုင်ကြား၍ ပျက်ကွက်သည်ကို ရက်မှန်ကြေး ဖြတ်တောက်ခြင်းမပြုရန်၊ ကျန်းမာရေးအခြေအနေကြောင့် ဆေးခန်းတွင်နားနေသော အလုပ်သမားများအား ငွေကြေးဖြတ်တောက်ခြင်းမပြုရန်၊ ဆေးခန်းတွင် အလုပ်သမားများအတွက် ဒီကိုလ်ဂျင်အပါအဝင် အခြေခံလိုအပ်သော ဆေးဝါးများထားရှိပေးရန်၊ အလုပ်သမားများအတွက် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေ လုံလောက်စွာထားရှိပေးရန်၊ အလုပ်သမားများအားလုပ်ငန်းနှင့်မသက်ဆိုင်သော ကြမ်းတိုက်ခိုင်းခြင်း၊ မှန်များသုတ်ခိုင်းခြင်းများ မပြုလုပ်ရန်၊ နှစ်စဉ်တိုးမြဲဖြစ်သောလစာကို ယခင်နှစ်များနည်းတူ ဘက်ပေးဖြင့်ပြန်ပေးရန်၊ အနည်းဆုံးအခကြေးငွေအသစ် အတည်ပြုနှုန်းထားထွက်လာပါက အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂ (င) နှင့် ပုဒ်မ ၁၂ (ခ) တို့အရ အလုပ်သမားများရရှိထားသော အခကြေးငွေပေါင်းယူ၍ ဖြတ်တောက်ခြင်းမပြုလုပ်ရန်၊ နှစ်စဉ်တိုးပေးမြဲဖြစ်သော လုပ်ခလစာတိုးပေးခြင်းကို အချိန်ကာလတစ်ခု အတိအကျသတ်မှတ်ပေးရန်၊ အပြင်ဆင်းအလုပ်သမားများကို အမြဲတမ်းဝန်ထမ်းများနည်းတူ ခံစားခွင့်များတန်းတူပေးရန်နှင့် EC စာချုပ်ချုပ်ဆိုခွင့်ပေးရန် ယခုစုပေါင်းတောင်းဆိုမှုတွင်ပါဝင်သော အလုပ်သမားများအား နောင်တွင်လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းအရမဟုတ်ဘဲ အငြိုးအတေးထား၍ အပြစ်ပေးအရေးယူခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ မပြုလုပ်ရန် စသည်တို့ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

“အဓိကကတော့ စက်ရုံထဲမှာ အလုပ်သမားချင်း ခွဲခြားဆက်ဆံခံနေရတာတွေ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာတွေကြောင့် စုပေါင်းတောင်းဆိုမှုပြုလုပ်နေကြတာပါ။ နောက်တစ်ခုက အလုပ်သမားတွေကို နှစ်စဉ်တိုးပေးဖြစ်တဲ့ လုပ်ခလစာကို တိုးမပေးဘူး။ ၂ ရက်နေ့ကတော့ စက်ရုံညှိနှိုင်းဖျန်ဖြေရေးကော်မတီကို အလုပ်သမားတွေက စာတင်တယ်။ ၆ ရက်နေ့မှာ ညှိပေမယ့် အဆင်မပြေဘူး။ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ အလုပ်သမားတွေက စက်ရုံထဲမှာပဲ စုပေါင်းတောင်းဆိုမှုလုပ်တယ်။ လောလောဆယ်တော့ စုပေါင်းတောင်းဆိုမှုနဲ့ပတ်သက်ပြီး Plan နှစ်ခုချထားပါတယ်။ အခုကတော့ Plan A ပေါ့။ ငြိမ်းချမ်းစွာ စုပေါင်းတောင်းဆိုမှုလုပ်နေတာပါ။ အဲဒီလိုမှအဆင်မပြေဘူးဆိုရင် လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်ဖို့ရှိပါတယ်” ဟု We Generation Network မှ ကိုအောင်စိုးမင်းက ပြောကြားသည်။

တောင်းဆိုထားသည့်အချက်များအား နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပရေးရာကော်မတီများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ စုပေါင်းတောင်းဆိုဆန္ဒ ထုတ်ဖော်ခြင်းအား Premier Coffee စက်ရုံရှေ့တွင် ငြိမ်းချမ်းစွာစုပေါင်းတောင်းဆိုသွားမည်ဖြစ်ပြီး တောင်းဆိုချက်များရသည်အထိ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Recent