<

ပခုက္ကူမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ မျက်စိဝေဒနာရှင် ၄၀၀၀ အား ငါးရက်ကြာ အခမဲ့ခွဲစိတ်ကုသပေးမည်

ပခုက္ကူမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ၍ မျက်စိဝေဒနာရှင် ၄၀၀၀ အား ၅ ရက်ကြာ အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး တစ်ရက်လျှင် ၈၀၀ ဦး စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သီတဂူစက္ခုဒါနတံတားဦးဆေးရုံ၏ အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

မူလက လူဦးရေ ၃၀၀၀ ခွဲစိတ်ကုသပေးရန် စီစဉ်ခဲ့သော်လည်း လာရောက်စာရင်းပေးသွင်းသူ များပြာလာခြင်းကြောင့် လူဦးရေ ၄၀၀၀ အထိလက်ခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ရက်မှ ၁၉ ရက်အထိ စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သီတဂူစက္ခုဒါနတံတားဦးဆေးရုံ၏ အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

ပခုက္ကူမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ ကျေးရွာများတွင် သီတဂူစက္ခုဒါနဆေးရုံ (ပခုက္ကူ) ၌ မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသပေးမည့်အကြောင်း အသိပေးဗီနိုင်းပိုစတာများချိတ်ဆွဲခဲ့ပြီး ယခုကဲ့သို့ စာရင်းပေးသွင်းသူ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

“သီတဂူဆရာတော်ကြီးဆီကို ပခုက္ကူမှာ မျက်စိဝေဒနာရှင်တွေရှိနေတဲ့အတွက် ဒုတိယအကြိမ် လာရောက်ကုသပေးဖို့ လျှောက်ထားတယ်။ ဆရာတော်ကြီးကလည်း လာကုသပေးမယ်လို့ပြန်မိန့်တယ်။ ဆရာတော်ကြီးရဲ့ ဆေးကုအဖွဲ့က အထူးကုဆရာဝန်ကြီးတွေ သူနာပြုအကူတွေလည်း ပါလာမယ်။ ဆရာတော်ကြီးကိုယ်တိုင်လည်း ကြွလာမယ်။ လူ ၄၀၀၀ အထိ စာရင်းလက်ခံထားတဲ့အတွက် နောက်ထပ်စာရင်းတော့ ထပ်လက်မခံတော့ဘူး” ဟု သီတဂူစက္ခုဒါန (ပခုက္ကူ)မှ ကိုသက်ကြူက ပြောကြားသည်။

ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ သီတဂူစက္ခုဒါနတံတားဦးဆေးရုံအား ၂၀၁၇ ခုနှစ် မေ ၂၅ ရက်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဒေါက်တာ အရှင်ဥာဏိဿရ ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးခဲ့ပြီး လူနာ ၂၀၀၀ နီးပါးအား ကုသပေးခဲ့သည်။

“အခုလိုအချိန်မျိုးမှာ မျက်စိခွဲစိတ်ကုသပေးတာ ကောင်းတယ်လို့မြင်တယ်။ ရာသီဥတုက သိပ်မပူသေးတော့ အဝေးကလာရတဲ့သူတွေရော မျက်စိခွဲရမယ့်သူတွေရော အဆင်ပြေတယ်။ နွေရာသီလိုမျိုးဆို အပူချိန်ကမြင့်တယ်။ ပခုက္ကူလို ခြောက်သွေ့ပြီး ဖုန်များတဲ့နေရာမှာ အခုလိုမျက်စိကုဆေးရုံရှိတာ ဒေသအတွက် အတော်အကျိုးပြုပါတယ်။ အထူးသဖြင့် ငွေကြေးအဆင်မပြေတဲ့သူတွေ ၀င်ငွေနည်းတဲ့မိသားစုတွေလိုမျိုးက မျက်စိကုသဖို့လိုတာတွေအတွက် ပိုအဆင်ပြေပါတယ်” ဟု ပခုက္ကူမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသန့်ဇင်က ပြောကြားသည်။














Copy Protected by Chetan's WP-Copyprotect.