လှိုင်သာယာစက်မှုဇုန် (၇) အတွင်းရှိ သင်္ဘောကျင်းတစ်ခုတွင် သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ငါးဦးဒဏ်ရာရ

လှိုင်သာယာစက်မှုဇုန် (၇) အတွင်းရှိ သင်္ဘောကျင်းတစ်ခုတွင် သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ငါးဦးဒဏ်ရာရ
Published 14 February 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၂) ရပ်ကွက် လှိုင်သာယာစက်မှုဇုန် (၇) အတွင်းရှိ Family Win သင်္ဘောကျင်း၌ တည်ဆောက်နေဆဲ သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ငါးဦးဒဏ်ရာရရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် သင်္ဘောသည် အလျားပေ ၂၀၀၊ အနံ ၅၀ ပေ အမ်ဗွီအမရာ-၇ တည်ဆောက်ဆဲ ကုန်တင်သင်္ဘောဖြစ်ကြောင်း သိရသည်။ သင်္ဘောပေါက်ကွဲရခြင်းမှာ လေလုံတက်မခန်းအတွင်း၌ လွန်ခဲ့သည့်နှစ်ရက်ခန့်က တာပင်တိုင်အရည်အသုံးပြုပြီး ဆေးသုတ်ထားသဖြင့် အခန်းအတွင်း တာပင်တိုင်ဒြပ်နှောများ စိမ့်ဝင်နေသည်ဟုသိရပြီး ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခန့်တွင် သင်္ဘောလုပ်သား လွင်ကိုကိုမောင်က ဂဟေဆော်ရာ မီးပွားများပွင့်ထွက်၍ အခန်းအတွင်းရှိ တာပင်တိုင်ဒြပ်နှောနှင့်ထိတွေ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် သင်္ဘောလုပ်သား လွင်ကိုကိုမောင်မှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအပြင် အောင်ပြည့်ဟိန်းအပါအဝင် အမျိုးသားနှစ်ဦး အပူလောင်ဒဏ်ရာများရရှိခဲ့ပြီး အောင်ဇေယျဝင်းအပါအဝင် အမျိုးသားသုံးဦး ဝဲဘက်ခြေသလုံးစုတ်ပြဲကြေမွ၍ အပူလောင်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရသည့်အခြေအနေများကြောင့် လှိုင်သာယာဆေးရုံ၊ အင်းစိန်ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့၌ တင်ပို့ကုသထားကြောင်း သိရသည်။

သင်္ဘောပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ စစ်ဆေးရာတွင် ယမ်းနှင့်ဆက်စပ်ပစ္စည်းများပါဝင်မှုမရှိဘဲ မီးလောင်ပေါက်ကွဲလွယ်သော သုတ်ဆေးနှင့် တာပင်တိုင်ဒြပ်နှောများ၊ သံဂဟေဆော်သည့် မီးပွားတို့ပေါင်းစပ်ကာ ဓာတ်ပြုလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုတွင် ပေါ့လျော့မှုကြောင့် လူသေဆုံးမှု၊ အပြင်းအထန်နှင့် သာမန်နာကျင်စေမှု၊ ပေါက်ကွဲတတ်သောအရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့မှုများကြောင့် သေဆုံးသူ လွင်ကိုကိုမောင်အား လှိုင်သာယာမြို့မရဲစခန်းတွင် (ပ) ၅၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇၊ ၂၈၆ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent