လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေးရရှိရေးအတွက် စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်

လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေးရရှိရေးအတွက် စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်
Published 13 February 2018

လှိုင်သာယာစက်မှုဇုံရှိ PREMIER COFFEE စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် ဖေဖော်ဝါရီ ၁၃ရက် နံနက် ၆နာရီတွင် PREMIER COFFEE စက်ရုံရှေ့၌ စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါက်းတောင်းဆို ဆန္ဒထုတ်ဖော်မှုတွင် စက်ရုံရှိအလုပ်သမားအင်အား ၇၀၀ ခန့်ပါဝင်ပြီး ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။

"စုပေါင်းတောင်းဆိုမှုလုပ်ရတဲ့ အဓိကအကြောင်းကတော့ တောင်းဆိုထားတဲ့ တောင်းဆိုချက် ၁၅ ချက် ရှိပါတယ်။ အဓိကကတော့ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခံရတာတွေ တရားဝင်ခွင့်တိုင်ကြားပြီး ပျက်ကွက်တာကို ရက်မှန်ကြေးဖြတ်တောက်တာတွေ နောက်ပြီး အလုပ်သမားတွေကို လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ ကြမ်းတိုက်ခိုင်းတာတွေ မှန်သုတ်ခိုင်းတာတွေ အပြင်ဆင်းအလုပ်သမားတွေကို အမြဲဆင်းအလုပ်သမားတွေလိုဘဲ တန်းတူအခွင့်အရေးပေးဖို့နဲ့ EC စာချုပ်ချုပ်ဆိုပေးဖို့တွေကို တောင်းဆိုထားပါတယ်။တောင်းဆိုချက်တွေ မရမချင်း စုပေါင်းတောင်းဆိုမှုတွေ ဆက်လုပ်သွားဖို့ရှိပါတယ်။"ဟု ပရီမီယာကော်ဖီ အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး မခင်မမက ပြောကြားသည်။

KPI သတ်မှက်ချက် (၂) မှတ်ကို ၂၂၀၀၀ကျပ်အဖြစ် သတ်မှက်ပေးရန်၊ KPI ငွေကြေးခံစားခွင့်ကို ၆လမှ စတင်ခံစားပြုရန်၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်းမပြုရန်၊ အလုပ်သမားများအား EC စာချုပ်တွင်ချုပ်ဆိုထားသော အလုပ်ဌာနမှလွဲ၍ အခြားဌာနများသို့ ပြောင်းရွှေ့ခိုင်းစေခြင်း မပြုရန်၊တရားဝင်ခွင့်တိုင်ကြား၍ ပျက်ကွက်သည်ကို ရက်မှန်ကြေးဖြတ်တောက်ခြင်းမပြုရန်၊ ကျန်းမာရေးအခြေအနေကြောင့် ဆေးခန်းတွင်နားနေသော အလုပ်သမားများအား ငွေကြေးဖြတ်တောက်ခြင်းမပြုရန်၊ ဆေးခန်းတွင် အလုပ်သမားများအတွက် ဒီကိုလ်ဂျင်အပါအဝင် အခြေခံလိုအပ်သော ဆေးဝါးများထားရှိပေးရန်၊ အလုပ်သမားများအတွက် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေလုံလောက်စွာ ထားရှိပေးရန်၊ အလုပ်သမားများအား လုပ်ငန်းနှင့်မသက်ဆိုင်သော ကြမ်းတိုက်ခိုင်းခြင်း၊ မှန်များသုတ်ခိုင်းခြင်းများ မပြုလုပ်ရန်၊နှစ်စဉ်တိုးမြဲဖြစ်သော လစာကို ယခင်နှစ်များနည်းတူ ဘတ်ပေးဖြင့် ပြန်ပေးရန်၊ အနည်းဆုံးအခကြေးငွေအသစ် အတည်ပြုနှုန်းထားထွက်လာပါက အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂ (င)နှင့်ပုဒ်မ ၁၂(ခ)တို့အရ အလုပ်သမားများ ရရှိထားသော အခကြေးငွေပေါင်းယူ၍ ဖြတ်တောက်ခြင်းမပြုလုပ်ရန်၊နှစ်စဉ်တိုးပေးမြဲဖြစ်သော လုပ်ခလစာတိုးပေးခြင်းကို အချိန်ကာလတစ်ခု မတိအကျ သတ်မှတ်ပေးရန်၊အပြင်ဆင်းအလုပ်သမားများကို အမြဲတန်းဝန်ထမ်းများနည်းတူ ခံစားခွင့်များတန်းတူပေးရန်နှင့် EC စာချုပ် ချုပ်ဆိုခွင့်ပေးရန် ယခုစုပေါင်း တောင်းဆိုမှုတွင်ပါဝင်သော အလုပ်သမားများအားနောင်တွင် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းအရ မဟုတ်ဘဲ အငြိုးအတေးထား၍ အပြစ်ပေးအရေးယူခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊အလုပ်ထုတ်ပယ်ခြင်းများ မပြုလုပ်ရန် စသည့် တောင်းဆိုချက် ၁၅ချက်အား တောင်းဆိုထားကြောင်း သိရသည်။

"အဓိကကတော့ စက်ရုံထဲမှာအလုပ်သမားချင်း ခွဲခြားဆက်ဆံခံနေရတာတွေ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာတွေကြောင့် စုပေါင်းတောင်းဆိုမှု ပြုလုပ်နေကြတာပါ။ နောက်တစ်ခုက အလုပ်သမားတွေက်ုနှစ်စဉ်တိုးပေး့မဲဖြစ်တဲ့ လုပ်ခလစာကိုတိုးမပေးဘူး။၂ရက်နေ့ကတော့ စက်ရုံညှိုနှိုင်းဖြန်ဖြေရေးကော်မတီကို အလုပ်သမားတွေက စာတင်တယ်။ ၆ရက်နေ့မှာ ညှိပေမယ့် အဆင်မပြေဘူး။၈ရက်နေ့နဲ့ ၉ရက်နေ့မှာ အလုပ်သမားတွေက စက်ရုံထဲမှာ ဘဲစုပေါင်းတောင်းဆိုမှုလုပ်တယ်။လောလောဆယ်တော့ စုပေါင်းတောင်းဆိုမှုနဲ့ပတ်သက်ပြီး plan ၂ခုချထားပါတယ်။အခုကတော့ plan Aပေါ့။ငြိမ်းချမ်းစွာစုပေါင်းတောင်းဆိုမှု လုပ်နေတာပါ။ အဲ့လိုမှ အဆင်မပြေဘူးဆိုရင် လှုပ်ရှားမှုကို တိုးမြှင့်လုပ်ဆောင်ဖို့ရှိပါတယ်။"ဟု WE GENERATION NETWORK မှ ကိုအောင်စိုးမင်းက ပြောကြားသည်။

တောင်းဆိုထားသည့် တောင်းဆိုချက်များအား နိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော် အတိုင်ပင်ခံရုံး၊ အလုပ်သမားဆက်ဆံရေး ဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပရေးရာ ကော်မတီများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါစုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခြင်းအား PREMIER COFFEEစက်ရုံရှေ့တွင် ငြိမ်းချမ်းစွာ စုပေါင်းတောင်းဆိုသွားမည်ဖြစ်ပြီး တောင်းဆိုချက်များ ရသည်အထိ စုပေါင်းတောင်းဆိုမှု ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent