ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဇန်နဝါရီမှ ဖေဖော်ဝါရီ ၁၁ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ် ၃၂၀၀ ကျော်ကို အရေးယူ

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဇန်နဝါရီမှ ဖေဖော်ဝါရီ ၁၁ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ် ၃၂၀၀ ကျော်ကို အရေးယူ
Published 13 February 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခုကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဇန်နဝါရီမှ ဖေဖော်ဝါရီ ၁၁ ရက်အထိ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်စီးရေ ၃၂၀၀ ကျော်ကို အရေးယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က စုံစမ်းသိရသည်။

ဇန်နဝါရီလတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သဖြင့် ဒဏ်ကြေးငွေ ချမှတ်အရေးယူခံရသည့် ယာဉ်စီးရေ ၂၃၃၄ စီးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်သည့် ယာဉ်များကို အရေးယူမှု အနေဖြင့် နေပြည်တော် (၂၀၁) မိုင်တိုးဂိတ်၌ ယာဉ်စီးရေ ၂၁၅ စီး၊ လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံတိုးဂိတ်၌ ၁၃၀ စီး၊ ဖြူးမြို့နယ် ၁၁၅ မိုင် ဖြူးတိုးဂိတ်၌ ၃၂၇စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ ၅၇ စီး၊ တံတားဦး မြို့နယ် စကားအင်းတိုးဂိတ်၌ ၁၃၅ စီး၊ ဘော နတ်ကြီး မီနီတိုးဂိတ်၌ ၂၀ စီး၊ ပန်းတင်မီနီ တိုးဂိတ်၌ နှစ်စီး စသည်တို့ကို အရေးယူထားပြီး သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်စီးရေ စုစုပေါင်း ၈၈၆ စီးရှိကြောင်း သိရသည်။

“ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်မှာ သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် ကျော်မောင်းတဲ့ ကားတွေကို ဖမ်းတဲ့ Speedometer (ကားအမြန်နှုန်းတိုင်း ကိရိယာ) ၁၅လုံး ရှိတယ်။ အဲဒီကိရိယာနဲ့ တိုင်းကြည့်လို့ သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် ကျော်တယ်ဆိုရင် အဲ့ဒီကားကိုဖမ်းပြီးရင် ယာဉ်စည်းကမ်း တရားရုံးက ဒဏ်ငွေငါးသောင်း အရေးယူတယ်။ ခါးပတ်ကတော့ တိုးဂိတ်တွေမှာ ခါးပတ်ပတ် မပတ် ကြည့်ပြီး ဖမ်းတာပေါ့” ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သဖြင့် အရေးယူခြင်းခံရသည့် ယာဉ်များကို သက်ဆိုင်ရာ မြို့နယ်များရှိ ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲဆို တင်ပို့သွားမည်ဖြစ်ကာ တရားသူကြီးများက ဒဏ်ကြေးငွေ သတ်မှတ်အရေးယူမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက်အတွင်း ကားထိုင်ခုံခါးပတ် မပတ်ဘဲ မောင်းနှင်သည့် ယာဉ် ၂၃ စီးကိုလည်း ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲဆိုရန် တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent