၁၉၄၈ ခုနှစ်က တည်ဆောက်ခဲ့သည့် အာဇာနည် ကျောက်တိုင်ကွင်း ရင်ပြင်၌ အများပြည်သူ တက်ရောက် အလေးပြုနိုင်ရန် အာဇာနည်ကိုးဦး ရုပ်တုအား မန္တလေးမြို့တွင် ထုလုပ်နေ

၁၉၄၈ ခုနှစ်က တည်ဆောက်ခဲ့သည့် အာဇာနည် ကျောက်တိုင်ကွင်း ရင်ပြင်၌ အများပြည်သူ တက်ရောက် အလေးပြုနိုင်ရန် အာဇာနည်ကိုးဦး ရုပ်တုအား မန္တလေးမြို့တွင် ထုလုပ်နေ
Published 13 February 2018

အာဇာနည်ကိုးဦး ရုပ်တုကို မန္တလေးမြို့တွင် ထုလုပ်နေစဉ်

၁၉၄၈ ခုနှစ်က တည်ဆောက်ခဲ့သည့် အာဇာနည်ကျောက်တိုင်ကွင်း ရင်ပြင်၌ လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ပြည်သူများ လာရောက် အလေးပြုနိုင်ရန်အတွက် အာဇာနည်ကိုးဦး ရုပ်တုကို မန္တလေးမြို့တွင် ထုလုပ်နေကြောင်း စကုမြို့အာဇာနည်ကိုးဦး ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ အာဇာနည် ကိုးဦးတို့၏ ကြေးသွန်းရုပ်တုများကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး-စကုသွား ကားလမ်းမကြီး ဘေးတွင်ရှိ စကုမြို့အမှတ် (၁) ရပ်ကွက်ရှိ ၁၉၄၈ ခုနှစ်က တည်ဆောက်ခဲ့သည့် အာဇာနည် ကျောက်တိုင်ကွင်း ရင်ပြင်တွင် လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့၌ ပြည်သူများ လာရောက် အလေးပြုနိုင်ရန် အာဇာနည်နေ့ မတိုင်မီ အပြီးစိုက်ထူမည် ဖြစ်ကြောင်း စကုမြို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဆန်းဝင်းထံမှ သိရသည်။

“စကုမြို့မှာ အာဇာနည်ကျောက်တိုင် ဆိုတာရှိတယ်။ ၁၉၄၈ ခုနှစ်က စတင်တည်ထားခဲ့တာပါ။ အာဇာနည် ကျောက်တိုင်ကုန်း ရှိတယ်။ အဲဒီ အာဇာနည်ကျောက်တိုင်ကုန်း ပေါ်မှာ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကိုးဦးရုပ်တု ကိုယ်တစ်ပိုင်းပြတ် ကိုးဦးပုံလေးတွေ စိုက်ထူမှာပါ။ အရင်က တော်လှန်ရေးနေ့မှာ စိုက်ထူဖို့ပါ။ မပြီးစီးသေးလို့ အာဇာနည်နေ့မှာပဲလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဓိက တစ်နိုင်ငံလုံးမှာ ဗိုလ်ချုပ်ကြေးရုပ်တွေပဲ လုပ်နေတဲ့ အနေအထားပေါ့။ ဒီမှာက အာဇာနည်ကျောက်တိုင်နဲ့ လွတ်လပ်ရေး ကျောက်တိုင်က ကပ်လျက်ရှိပြီး သိပ်မကွာဘူး။ ဗိုလ်ချူပ်ကြေးရုပ် လုပ်မယ်ဆို လွတ်လပ်ရေးကျောက်တိုင်မှာ လုပ်မလား။ အဲဒါမျိုး စဉ်းစားရင် ဟိုဘက်မှာလည်း အာဇာနည်ဗိမာန် ရှိတဲ့အတွက် ဗိုလ်ချုပ်ကြေးရုပ် တစ်ခုတည်း မဟုတ်ဘဲ ကျဆုံးသွားတဲ့ အာဇာနည်ကိုးဦး ထည့်ရင်ပိုပြီး လက်ရှိ ရှိပြီးသား နေရာနဲ့လည်း သင့်မြတ်တယ်ဆိုပြီး လက်ရှိအနားယူသွားတဲ့ဝန်ကြီး ဦနေမျိုးကျော် နာယက ဦးဆောင်ပြီး ဒီစကုက ကျန်တဲ့ သူတွေနဲ့ အာဇာနည်ကိုးဦးရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး အခုလို လုပ်ဖြစ်တာပါ” ဟု ဦးကျော်ဆန်းဝင်းက ဆက်လက် ပြောကြားသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့ အာဇာနည်ရင်ပြင်တွင် ထားရှိမည့် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ ကြေးသွန်းရုပ်တုများအတွက် မန္တလေးတမ္ပဝတီရပ် ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ လက်ခံဆောင်ရွက်လျက်ရှိရာ ယခုအခါ မြေပုံကြမ်းလောင်းခြင်းနှင့် ဖယောင်းကိုင်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ ကိုယ်တစ်ပိုင်းပုံ ကြေးသွန်းရုပ်တုများကို မန္တလေးမြို့ တမ္ပဝတီရပ် ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်နှင့်သား ကိုအောင်အောင် မိုးတို့က လက်ခံပြုလုပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တစ်ပိုင်း ကြေးသွန်းရုပ်တုမှာ အမြင့်သုံးပေရှိပြီး ကျန်ခေါင်းဆောင်များ၏ ကိုယ်တစ်ပိုင်းပုံ အမြင့်မှာ နှစ်ပေစီ ရှိမည်ဖြစ်သည်။

အဆိုပါ ရုပ်တုများကို လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မတိုင်မီ စကုမြို့ အာဇာနည်ခေါင်း ဆောင်ကြီးများ ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ကော်မတီသို့ အပြီးအစီး အပ်နှံရမည်ဖြစ်သဖြင့် ယခုအခါ မြေထည် ပုံကြမ်းလောင်းလုပ်ငန်း ဆောင်ရွက်နေပြီး ဖယောင်းကိုင်လုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိသည်။

“အခု အာဇာနည်ကိုးဦးရဲ့ ရုပ်တုထု လုပ်နေတယ်။ ဒီရုပ်တုတွေမှာ ဗိုလ်ချုပ်အောင်ဆန်းက အမြင့်သုံးပေ ကိုယ်တစ်ပိုင်းရုပ်တု။ ကျန်တဲ့ရှစ်ဦးရုပ်တုက အမြင့်နှစ်ပေပေါ့။ ကျွန်တော် ထုလုပ်နေပါတယ်။ ဒါ ထားမှာက မင်းဘူးစကုမြို့မှာ အာဇာနည်နေ့အမီ ထားရှိမှာ ဖြစ်တဲ့အတွက် အမြန်ပြီးစီးဖို့ ထုလုပ်နေတယ်။ အားလုံးလည်း တော်တော်လေး ပြီးသွားပါပြီ။ ငါးပုံတော့ ပြီးသွားပြီ။ ကျန်တဲ့ရုပ်တုတွေ ဆက်ထုလုပ်နေပါတယ်” ကိုအောင်မိုးက ပြောကြားသည်။

Most Read

Most Recent