အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းခွင် အတတ်ပညာသင်တန်းနှင့် ဒေသလိုအပ်ချက်များနှင့် ကိုက်ညီမည့် Comprehensive University တစ်ခု နေပြည်တော်တွင်ဖွင့်လှစ်ရန် အစီအစဉ်ရှိ

အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းခွင် အတတ်ပညာသင်တန်းနှင့် ဒေသလိုအပ်ချက်များနှင့် ကိုက်ညီမည့် Comprehensive University တစ်ခု နေပြည်တော်တွင်ဖွင့်လှစ်ရန် အစီအစဉ်ရှိ
Published 13 February 2018

အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းခွင် အတတ်ပညာသင်တန်းနှင့် ဒေသလိုအပ်ချက်များနှင့် ကိုက်ညီမည့် Comprehensive University တစ်ခု နေပြည်တော်တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သည့်  ပြည်သူ့လွှတ်တော်  အစည်းအဝေးတွင် ဓနုဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှမေးမြန်းသော နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို နိုင်ငံ၏ လိုအပ်ချက်၊ မြို့တော်အင်္ဂါ၏ လိုအပ် ချက်နှင့် ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက် အားလျော်စွာ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ နေပြည်တော် ပတ်ဝန်းကျင်ဒေသရှိ ကျောင်းသား၊ ကျောင်းသူများနဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ယူလိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူရေးကို အထောက်အကူဖြစ်စေဖို့အတွက် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်များ၊ ပင်မတက္ကသိုလ်များ၊ လုပ်ငန်းခွင် အတတ်ပညာသင်တန်းများစတဲ့ ဒေသလိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Comprehensive University တစ်ခု ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ သို့သော် Comprehensive University နဲ့ ကိုက်ညီတဲ့ မြေနေရာအကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်သော နေပြည်တော် အနီးတစ်ဝိုက်ရှိ မြေနေရာ ရရှိနိုင်ရေးကို ရွေးချယ်ရှာဖွေနေဆဲ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ထိုကဲ့သို့ မြေနေရာရရှိမှသာလျှင် တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်း နှင့်အညီ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သော ရန်ပုံငွေများကို နှစ် အလိုက် လျာထားတောင်းခံသွားမည်ဖြစ်ကာ ရန်ပုံငွေ စတင်ခွင့်ပြုနိုင်မည့်အချိန်မှသာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent