၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ရဲဘော်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ABSDF ဂုဏ်သိက္ခာအတွက် အမှန်တရားကို ဖော်ထုတ် ဝန်ခံသင့်ပြီဖြစ်ကြောင်းနှင့် ကျူးလွန်သူများကို အရေးယူမှုပြုလုပ်ရမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များ ပြောကြား

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ရဲဘော်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ABSDF ဂုဏ်သိက္ခာအတွက် အမှန်တရားကို ဖော်ထုတ် ဝန်ခံသင့်ပြီဖြစ်ကြောင်းနှင့် ကျူးလွန်သူများကို အရေးယူမှုပြုလုပ်ရမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်များ ပြောကြား
Published 13 February 2018

ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၆) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်

၁၉၉၂ ခုနှစ်က မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့်  ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များ  နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအနေဖြင့်  ABSDF ၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူမှု အပါအဝင် အမှန်တရားကို ဖော်ထုတ်ဝန်ခံ သင့်ပြီဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များအပေါ် ABSDF မှ တာဝန်ရှိသူများအနေဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြောက်ပိုင်းပြန် ABSDF ကျောင်းသားရဲဘော်များက ပြော ကြားသည်။

ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်း နှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၆) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရကျောင်းတိုက် မြဝတီမင်းကြီးကျောင်းရှိ ကျဆုံးကျောင်းသားရဲဘော်များ၏ အထိမ်းအမှတ်ရင်ပြင်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်များ၊ ကျဆုံးခဲ့ရသည့် ကျောင်းသားရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်များက ကျူးလွန်ခဲ့ကြသူများအနေဖြင့် ABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပါအဝင် အမှန်တရားအတိုင်း ဖော်ထုတ်ဝန်ခံကာ ABSDF မှ တာဝန်ရှိသူများအနေဖြင့် ကျူးလွန်ခဲ့သူများကို အရေးယူပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

“မြောက်ပိုင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ နှစ်ပေါင်း ၂၀ ကျော်လောက် အောင့်အည်းပြီးတော့ အခြေအနေအရ အပြောင်းအလဲတစ်ခုကိုလည်း သွားချင်တဲ့အတွက် အချိန်တစ်ခုကိုစောင့်ခဲ့ကြရတယ်။ အခြေအနေတွေကိုလည်း ထိန်းသိမ်းပြီးတော့ လုပ်ခဲ့ကြတယ်။ ၂၀၁၂ ခုနှစ်ကစပြီး အခုလို ကျဆုံးကျောင်းသားရဲဘော်တွေအတွက် ဆွမ်းသွတ် အမျှပေးဝေတာတွေ လုပ်ခဲ့ကြတာ ဒီနှစ်ဆိုရင် ခုနစ်နှစ်ပြည့်ခဲ့ပါပြီ။ အခုအချိန်အထိ ကျွန်တော်တို့ချစ်တဲ့ ABSDF လူတွေ အများကြီး အသက်ပေးခဲ့ရတဲ့ ABSDF ဟာ ဆိုရင် သိက္ခာမဲ့တယ်ဆိုတာ မဖြစ်စေချင်ဘူး။ တာဝန်ရှိတဲ့သူတွေအနေနဲ့ ကောင်းမွေရော ဆိုးမွေပါယူသင့်တယ်။ လက်ရှိ ပင်လုံငြိမ်းချမ်းရေး လုပ်နေချိန်မှာ မြောက်ပိုင်းက လူသတ်တရားခံတွေကို တွေ့နေရတာဟာ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်” ဟု ABSDF မြောက်ပိုင်းဒေသပြန် ကျောင်းသားရဲဘော် ဦးညီညီကျော်က ပြောကြားသည်။

“ABSDF မြောက်ပိုင်းဖြစ်စဉ်မှာ ကျူးလွန်ခဲ့ကြတဲ့သူတွေက ယောကျ်ားမပီသဘူးaပါ့ဗျာ။ အခုအချိန်အထိ သူတို့မှာ တာဝန်ယူမှု မရှိသေးဘူး။ သူတို့ကိုယ်သူတို့ကတော့ ငါတို့က AB ကျောင်းသားရဲဘော်ကြီးတွေကွဆိုပြီး ဂုဏ်ယူချင်ယူနေကြမှာ။ တကယ်တော့ သူတို့က ယောကျ်ားမပီသဘူး။ ဘာကြောင့်ဆို ကိုယ်လုပ်ခဲ့တဲ့အမှားကို အခုအချိန်အထိ ဝန်မခံရဲသေးဘူးလေ။ ဒါကြောင့် သူတို့ဟာ ခေါင်းဆောင်မဟုတ်ဘူး၊ အလကားကောင်တွေပဲလို့ ကျွန်တော်ယူဆတယ်။ လက်ရှိ ABSDF ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကိုသံခဲ တို့မှာလည်း တာဝန်ရှိပါတယ်။ အမှန်တကယ် AB သမိုင်းကို မြှင့်တင်ချင်တယ်ဆိုရင်၊ ABSDF ကိုပြန်ပြီးတော့ ဆွဲတင်ချင်တယ်ဆိုရင် ဒီအမှားလုပ်ထားတဲ့သူတွေကို အရေးယူမှု လုပ်ကိုလုပ်ရမယ်။ အရေးယူမှုမလုပ်သေးဘူးဆိုရင် AB က ဘယ်တော့မှ ပြန်တက်လာမှာ မဟုတ်ဘူး။ သမိုင်းကောင်းလည်း ပြန်ရမှာမဟုတ်ဘူး” ဟု ABSDF မြောက်ပိုင်း ဗန်းမော်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသည့် ကျောင်းသားရဲဘော် ဦးအုန်းကြိုင် (ခ) အိုကေ က ပြောကြားသည်။

“ဒီကိစ္စကို အခုလိုအချိန်မှာ အကျယ်တဝင့် ဖော်လိုက်ရင် သင့်တော်ပါ့မလားဆိုပြီး ယူဆနေသူတွေလည်းရှိတယ်။ ကျွန်တော်ကတော့ အဲဒီလိုမယူဆဘူး။ ABSDF ရဲ့ ဂုဏ်သိက္ခာလည်း မထိခိုက်အောင် ခြေမ,မကောင်း ခြေမ၊ လက်မ, မကောင်း လက်မ ဖယ် ရှားပစ်ရမယ်။ ကျွန်တော်တို့အဖွဲ့အစည်းဟာ ကိုယ့်အဖွဲ့အစည်းကျူးလွန်တာကို ငြင်းနေတဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ ABSDF အနေနဲ့ပြရမယ်။ ကျောင်းသားတပ်မတော်ဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့နဲ့ ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်။ ကျူးလွန်ခဲ့သူတွေက ဘယ်သူတွေဖြစ်တယ်။ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေက ဘယ်သူတွေပါ။ သူတို့ဟာ ဘယ်လိုဖြစ်ပါတယ်ဆိုတာ ဖြေရှင်းဖို့လိုတယ်။ ကျူးလွန်ခဲ့တဲ့ လူသတ်သမားတွေကတော့ သူတို့ဝန်ခံမှာမဟုတ်ဘူး။ ကျဆုံးကျောင်းသားရဲဘော်တွေထဲက ကျွန် တော်သိတဲ့ ကျောင်းသားရဲဘော်နှစ်ယောက်ရှိပါတယ်။ ကိုထွန်းအောင်ကျော်နဲ့ ကိုစိန်ပါ။ သူတို့ဟာ ဘယ်လိုမှ ထောက်လှမ်းရေးမဟုတ်ခဲ့ဘူး။ ဒါကို ကျွန်တော့်အနေနဲ့ ရဲရဲကြီး အာမခံတယ်။ ထောက်လှမ်းရေးလို့ စွပ်စွဲခဲ့တဲ့သူတွေကမှ သူတို့ကိုယ်တိုင် ထောက်လှမ်းရေးတွေ ထောက်လှမ်းရေး သူလျှိုတွေဖြစ်နေနိုင်သေးတယ်။ ကျောင်းသားရဲဘော်တွေကို သတ်ခဲ့သူတွေက လူသတ်သမားတွေဖြစ်တယ်။ သူတို့ဟာ တော်လှန်ရေးကို သတ်တဲ့သူတွေဖြစ်တယ်။ တော်လှန်ရေးကို နောက်ကျော ဓားနဲ့ထိုးတာ မဟုတ်ဘူး။ ရှေ့တည့်တည့်ကနေ ရင်ဝကိုဓားနဲ့ ထိုးခဲ့ကြသူတွေဖြစ်တယ်” ဟုအခမ်းအနားသို့ တက်ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၆) နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ရှစ်လေးလုံးပါတီမှ ဦးကိုကိုကြီးလည်း တက်ရောက်ခဲ့ပြီး မြောက်ပိုင်းဒေသတွင် ထောက်လှမ်းရေးဟုဆိုကာ သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားများမှာ ထောက်လှမ်းရေး လုံးဝမဟုတ်ကြောင်း၊ ကျဆုံး ကျောင်းသားရဲဘော်များ၏ နိုင်ငံရေးယုံကြည်ချက် သစ္စာတရားများအတွက် အသက်ဖြင့်လဲကာ အာမခံကြောင်း၊ ကျဆုံးကျောင်းသားရဲဘော် ကိုထွန်းအောင်ကျော်နှင့်ပတ်သက်၍ ၎င်းမကျဆုံးမီ အချိန်အထိ စာဖြင့်ဆက်သွယ်ပြောဆိုခဲ့မှုများ အစရှိသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်တွင် ABSDF အတွက် တာဝန်ထမ်းဆောင်နေသည့် ကျောင်းသားအချို့မှာ အစိုးရသတင်းပေးများ ဖြစ်သည်ဟုဆိုကာ အများအပြား အသတ်ခံခဲ့ရသည်။

Most Read

Most Recent