၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသာရှိမည်ဟု လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသုံးဘီလျံကျော်အထိ ရှိနေ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသာရှိမည်ဟု လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသုံးဘီလျံကျော်အထိ ရှိနေ
Published 13 February 2018

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့်ကုန်သွယ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေသိန်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသာရှိမည်ဟု လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသုံးဘီလျံကျော်အထိရှိနေကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၇၅၇၂ ဒသမ ၉၄၂ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄၂၃၁ ဒသမ ၁၂၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂ ရက် အထိ ပြည်ပကုန်သွယ်မှုပ မာဏဒေါ်လာ ၂၇ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀၆၀၈ ဒသမ ၂၈၄ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၆၉၆၄ ဒသမ ၆၅၈ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၆၄၂ ဒသမ ၉၁၉ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘ ဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၅၈၈ ဒသမ ၂၀၈ သန်းပိုမိုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၇ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၂၀၆၂ ဒသမ ၅၃၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၅၁၀ ဒသမ ၄၁၀ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၃၄၄၇ ဒသမ ၈၇၈ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃၆၇၇ ဒသမ ၀၅၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ကိုမြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံ၏ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန် သွယ်မှုလိုငွေဒေါ်လာတစ် ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာ ငွေအရအသုံး ခန့်မှန်းခြေအဆိုပြုတင်  ပြချက်အနှစ်ချုပ်တွင်ဖော်ပြထားချက်အရ သိရသည်။

အဆိုပါဘဏ္ဍာနှစ်တွင် ပြည်ပ ပို့ကုန် တန်ဖိုးဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန် တန်ဖိုးဒေါ်လာ ၁၅၀၀၀ သန်းဟုခန့်မှန်းထား သဖြင့်ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၉၀၀၀ သန်းဖြစ်ပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ)ဖြစ်မည် ဟုခန့်မှန်းထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင်ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန် သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent