အဂတိလိုက်စားမှုဖြင့် အမှုသုံးမှု ဖွင့်ခံရသည့် ဖာပွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ထွက်ပြေးတိမ်းရှောင်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်

အဂတိလိုက်စားမှုဖြင့် အမှုသုံးမှု ဖွင့်ခံရသည့် ဖာပွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ထွက်ပြေးတိမ်းရှောင်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်
Published 12 February 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မြေကွက် ၂၀ ကျော် ချထားပေးမှုနှင့် ကျပ် ၃၃၃ သိန်းကျော် ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် ဖာပွန်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီ ၄ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) ဖြင့် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်က စတင်အမှုဖွင့်ခဲ့ပြီး သွားရောက်ဖမ်းဆီးရာတွင် တိမ်းရှောင်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဖာပွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးသည် တမူးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ခရိုင်အုပ်ချုပ်ရေးမှူး၏ ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး မြေကွက် (၂၀) ချထားပေးရာတွင် မရိုးမဖြောင့်ဆောင်ရွက်ကြောင်း၊ ဓာတ်သတ္တုခွန်ကောက်ခံ ရရှိငွေများထဲမှ ၂၀၁၆ ခုနှစ်တွင် ကျပ် ၂၄၂ သိန်းကျော်နှင့် ၂၀၁၇ ခုနှစ်တွင် ငွေကျပ် ၉၁ သိန်းကျော်ကို ကိုယ်ကျိုးရယူသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) ဖြင့် အရေးယူပေးပါရန် ကော်မရှင်မှတာဝန်ရှိသူများက ဖေဖော်ဝါရီ ၄ ရက်တွင် တမူးမြို့မရဲစခန်းသို့ အမှုသုံးမှုခွဲကာ အမှုဖွင့်တိုင်ကြားထားပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ဦးသိန်းဇော်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်ရာ ၎င်းအား တာဝန်ချထားသော ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခြင်း မရှိသည့်အပြင် နေအိမ်တွင်လည်း နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် သြဂုတ် ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားခံပြေးအဖြစ် အမှုသုံးမှုခွဲကာ တရားစွဲဆို တင်ပို့ခဲ့ကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ထားသော အမှုများမှာ ငွေကျပ် ၂၄၂ သိန်းကျော် ကိုယ်ကျိုးရယူ သုံးစွဲမှုအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲတင်သည့်အမှုကို ရာဇဝတ် အထွေထွေမှုအမှတ် ၁၃/ ၂၀၁၈ အဖြစ်လည်းကောင်း၊ ငွေကျပ် ၉၁ သိန်းကျော် ကိုယ်ကျိုးရယူသုံးစွဲသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ / ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲတင်သည့်အမှုကို ရာဇဝတ်အထွေ ထွေမှုအမှတ် ၁၄/၂၀၁၈ အဖြစ်လည်းကောင်း၊ မြေကွက် ၂၀ ကွက်ချထားပေးရာတွင် ရိုးဖြောင့်စွာဆောင်ရွက်ခြင်းမရှိဘဲ အဂတိလိုက်စားသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲတင်သည့်အမှုကို ရာဇဝတ် အထွေထွေမှုအမှတ် ၁၅/ ၂၀၁၈ အဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံပြီး အမှုများကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။

Most Read

Most Recent