မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်
Published 12 February 2018

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်လင်း)

ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးတို့အတွက် ဘူးသီးတောင်မြို့တွင် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဦးဆောင်ပါဝင်သူ ဦးမောင်သာဖြူက “တိုင်းရင်းသားများတန်းတူ အခွင့်အရေး ရရှိရေး ၊မြောက်ဦးပဋိပက္ခကိစ္စ အမှန်တရားပေါ်ပေါက်ရေး ၊ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့လွတ် မြောက်ရေးတို့အတွက် တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးသမားတွေကို မတရားပုဒ်မတပ်ပြီး ဖမ်းဆီးခံရတာတွေကို တောင်းဆိုတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လုပ်စေချင်တယ်။ မြောက်ဦးကိစ္စမှာ ဆိုရင်လည်း ဘယ်သူတွေက ပစ်သတ်ခဲ့တယ်။ ပစ်သတ်တဲ့လူတွေကို ဘယ်လိုအရေးယူမှုတွေ လုပ်တယ်ဆိုတာမျိုးကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ချပြစေချင်တယ်။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်တယ်” ဟုလည်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့တွင် အရပ်သားခုနစ်ဦး သေဆုံးပြီး ၁၂  ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့် ရဲတပ်ဖွဲ့၏ ဆန္ဒပြလူအုပ်အား သေနတ်ပစ် ဖြိုခွင်းမှုသည် ဥပဒေနှင့်အညီ ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါအဖွဲ့ကို ပြည်နယ်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော်မှဖွဲ့ စည်းသော စုံစမ်းရေးအဖွဲ့အား ပူးပေါင်းပါဝင်မှုမပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားထားကြောင်းသိရှိကြောင်း သိရသည်။ ယင်းသို့ ညွှန်ကြားထားသော်လည်း စုံစမ်းရေးအဖွဲ့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုတွင် ဒေသခံ ၅၀၀ ခန့် ပါဝင်ခဲ့ကြောင်းနှင့် အချက်လေးချက်ပါသော တောင်းဆိုမှုများကို ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်ပြီး ကြွေးကြော်တောင်းဆိုကာ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မြောက်ဦးဖြစ်စဉ်ကြောင့် သေနတ်ထိမှန်ပြီး ဆေးကုသမှုခံယူနေရသူများနှင့် မြောက်ဦးဆေးရုံမှ ဆင်းခွင့်ရရှိတစ်ဦးတို့ကို ဖမ်းဆီးထားခြင်းအပေါ် ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ ကြခြင်းဖြစ်သည်ဟု သိရသည်။

Most Read