ပုဒ်မ ၆၆ (ဃ) ဖြင့် မီဒီယာများအား ဖိနှိပ်မှုများရှိနေရာ မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းမီဒီယာများစုပေါင်း၍ လက်ပတ်ဖြူကမ်ပိန်း ပြုလုပ်မည်

လက်ပတ်ဖြူကမ်ပိန်း လှုပ်ရှားမှုအတွက် မီဒီယာသမားများ အစည်းအဝေး ပြုလုပ်နေစဉ်

ပုဒ်မ ၆၆ (ဃ) ဖြင့် မီဒီယာများအား ဖိနှိပ်မှုများရှိနေရာ မီဒီယာလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းမီဒီယာသမားများ စုပေါင်း၍ လက်ပတ်ဖြူကမ်ပိန်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းဌာနအသီးသီးများမှ သတင်းသမားများက ဇွန် ၆ ရက် နံနက်တွင် Orchid Hotel ၌ အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးကြသည့် မီဒီယာသမားများ၏ ဆုံးဖြတ်ချက်အရ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲ ဆိုခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းတရားရုံး၌ ရုံးထုတ်မည့် ဇွန် ၈ ရက်မှစတင်ကာ 'သတင်းလွတ်လပ်ခွင့်ရှိရမည်' စာသားပါ လက်ပတ်ဖြူများကို ၀တ်ဆင်၍ သတင်းယူသည့် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဆွေးနွေးမှုကတော့ ၆၆ (ဃ) နဲ့ အတူ မီဒီယာဖိနှိပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မီဒီယာလွတ်လပ်ခွင့်ရဖို့ကို ၈ ရက်နေ့မှာ The Voice သတင်းစာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့ တရားရုံးထုတ်ကို ကျွန် တော်တို့ သွားမယ်။ သွားတဲ့အခါမှာလည်း ဖိနှိပ်မှုကိုပြသတဲ့အနေနဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မီဒီယာဖိနှိပ်မှုရပ် ဆိုတာဟာမျိုးနဲ့ လက်ပတ်တွေ ၀တ်သွားကြမယ်။ လတ်တလော ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice ရုံးကိုသွားမယ်။ အားပေးမှုတွေလုပ်မယ်။ ပြီးရင် တိုင်းအစိုးရက ၆၆ (ဃ)နဲ့ တရားစွဲခံထားရတဲ့ Eleven ရုံးကို သွားမယ်” ဟု မီဒီယာသမားတစ်ဦးဖြစ်သည့် ကိုထက်ခေါင်လင်းက ပြောကြားသည်။

ယင်းကဲ့သို့ လက်ပတ်ဖြူကမ်ပိန်းများကို ပထမအဆင့်အနေဖြင့် ဇွန် ၈ ရက်မှစတင်ကာ ၁၀ ရက်တိတိ လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများပါဝင်သည့် လှုပ်ရှားမှုများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဒုတိယအဆင့် လက်မှတ်ကောက်ခံမှုအား ဇွန် ၂၀ ရက်မှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လက်မှတ်များကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ခေါင်းဆောင်များထံ ပေးပို့သွားမည်ဖြစ်သည်။

“၆၆ (ဃ) နဲ့ စွဲထားတဲ့အမှုက အားလုံး ၆၈ မှုရှိတယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကို စွဲထားတာက သုံးလေးခုလောက်ပဲ ရှိတယ်။ ကျန်တာအကုန်က ပြည်သူတွေပဲ ဖြစ်တယ်။ အဲဒါကြောင့် ပြည်သူအားလုံးရဲ့အသံပါဝင်အောင် ပြည်သူတွေရဲ့လက်မှတ်တွေ ကောက်ခံပြီး ၆၆ (ဃ) ဖျက်သိမ်းဖို့ကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေကို တိုက်တွန်းသွားမယ်” ဟု ကိုထက်ခေါင်လင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် မီဒီယာလွတ်လပ်ခွင့်အား ထိခိုက်စေသည့်ပုဒ်မ ၆၆ (ဃ) အပါအ၀င် မတရားသည့်ဥပဒေများ ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုမှုများအားလုံး ရပ်ဆိုင်းပေးရေးအစရှိသည့် တောင်းဆိုမှုများနှင့် လှုပ်ရှားမှုများပြုလုပ်နိုင်ရန် သတင်းဌာနအသီးသီးမှ သတင်းသမား ၂၀ ဦး ကျော်ဖြင့် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှုနှင့် ပတ်သက်၍ပြုလုပ်သွားမည့် အဆင့်သုံးဆင့်ကို ဇွန် ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးနေသည့် ပုဒ်မ ၆၆ (ဃ) နှင့် တရားမျှတမှုမရှိသည့် ဥပဒေများကို ဖျက်သိမ်းပြင်ဆင်ရန်၊ အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင် အဖွဲ့အစည်းများက ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသောအမှုများကို ချက်ချင်းရပ်ဆိုင်းရန်နှင့် တောင်းဆိုချက်များ ရရှိရေး အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးတွဲအကောင် အထည်ဖော်ရန်တို့ကို အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်များအရ ပထမအဆင့်တွင် ဇွန် ၈ ရက်မှ ၁၈ ရက်အထိ သတင်းလွတ်လပ်ခွင့် ရှိရမည်ဆိုသော လက်ပတ်ဖြူလှုပ်ရှားမှု စတင်မည်ဖြစ်ပြီး ဇွန် ၈ ရက်တွင် The Voice သတင်းစာ အယ်ဒီတာချုပ် နှင့် သရော်စာရေးသူတို့၏ ရုံးချိန်းသို့လည်း သွားရောက်အားပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယအဆင့်အနေဖြင့် ဇွန် ၂၀ ရက်မှ ဇွန်လကုန်အထိ လက်မှတ် စုဆောင်းရေးလှုပ်ရှားမှု စတင်မည်ဖြစ်ပြီး လက်မှတ်များကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ခေါင်းဆောင်များထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တတိယ အဆင့်အနေဖြင့် တောင်းဆိုချက်များအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လူထု လှုပ်ရှားမှု အကောင်အထည် ဖော်သွားမည်ဖြစ်မည် ဖြစ်ကြောင်း မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီ Protection Committee For Myanmar Journalists မှ ထုတ်ပြန် ကြေညာခဲ့သည်။

သတင်းမီဒီယာသမားများအား ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူဆောင်ရွက်နေခြင်းကို မန္တလေးအခြေစိုက် မီဒီယာသမားများအနေဖြင့်လည်း ကန့်ကွက်ရှုံ့ချသည့် လှုပ်ရှားမှု ဇွန် ၈ တွင် ပြုလုပ်မည် ဖြစ် ကြောင်း သိရသည်။

မန္တလေးအခြေစိုက် မီဒီယာသမားများအနေဖြင့် ကန့်ကွက်ရှုံ့ချသည့် လှုပ်ရှားမှုပြုလုပ်ရန် ဇွန် ၅ ညနေ ၄ နာရီခန့်က မန္တလေး မီဒီယာ စင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကာ မီဒီယာသမားများအပေါ် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားခြင်းအား ရုပ်သိမ်းပေးရန် ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနှင့် လွှတ်တော်နှစ်ရပ်သို့ ပန်ကြားလွှာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် The Voice သတင်းစာအယ်ဒီတာချုပ်နှင့် သရော်စာရေးသားသူတို့အား ရုံးထုတ်မည့် ဇွန် ၈ ရက် နံနက် ၇ နာရီတွင် မီဒီယာစင်တာ (မန္တလေးရုံး) တွင် စုရပ်လုပ်၍ အင်္ကျီအဖြူ တူညီဝတ်ဆင်ကာ လက်ပတ် အမဲရောင်များပတ်ပြီး မဟာမုနိ ဘုရားကြီးသို့ သွားရောက်ကာ ငှက်လွှတ်ခြင်း၊ လူစည်ကားရာဖြစ်သည့် ဈေးချို၊ ဒိုင်းမွန်းပလာဇာ၊ မင်္ဂလာမန္တလေး ပလာဇာများသို့ သွားရောက်ကာ မန်းသတင်း မီဒီယာသမားများ၏ သဘောထားကြေညာချက်များအား ဝေငှခြင်းစသည်တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Writer: 
ပြည့်ဖြိုးအောင်၊ ရန်ပိုင်