ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဆင်များနေ့ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဆင်များနေ့ အခမ်းအနား ကျင်းပ
Published 12 August 2017

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က ငွေဆောင်ဆင်ထိန်းသိမ်းစောင့်ရှောင့်ရေး စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆင်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆောင်ရွက်ရန်၊ တောဆင်များအား ဆင်သတ်မုဆိုးများမှ သတ်ဖြတ်၍ တရားမဝင် ဆင်စွယ်ရောင်းဝယ်မှုကို တားဆီးကာကွယ်ရန်၊ ဆင်များအား ညှင်းပန်းနှိပ်စက်မှုကို တားဆီးကာကွယ်ရန် ၊ တိရစ္ဆာန်များ၏ အခွင့်အရေး သိရှိလိုက်နာစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ငွေဆောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းရှိ ဆင်လိမ္မာများမှ ဆင်ပြကွက်များဖြင့် ဖျော်ဖြေပြသခြင်း၊ ဆင်စာ ဘူဖေးကျွေးခြင်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကမ္ဘာ့ဆင်များနေ့ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ စတင်ပြီးတော့ ကျင်းပခဲ့တာပါ၊ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းအနေနဲ့ကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်က ၁၃၈ ကောင်ရှိပါတယ်၊ ဆင်ကြီး ၁၀၈ ကောင်၊ ဝန်တင်ဆင် ၁၉ ကောင်၊ အမိနောက်လိုက်ဆင် ၁၁ ကောင်ရှိပါတယ်၊ ဧရာဝတီတိုင်းအတွင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၀ မတ်လအထိ တောဆင်များ စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူမှု မှတ်တမ်းတွေအရ တောဆင်ရိုင်းအကောင် ၇၀၀ ကျော် ရှိနေသေးကြောင်း သိရပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးမိုးလွင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ အသတ်ခံရမှုများ မကြာခဏဖြစ်ပွါးနေပြီး ရှာဖွေဖမ်းဆီးမိသည့် အကြိမ်များအဖြစ် ၂၀၁၆ ခုနှစ်တွင် ၄ ကြိမ်၊ ၂၀၁၇ခုနှစ်တွင် ၁၀ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent