ဆေးဝါးစက်ရုံ (အင်းစိန်) က ရှေးဦးသူနာပြု အရေးပေါ် အသုံးပြုရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်း ၄၁ မျိုးဝင် First Aid Kit များ စတင်ရောင်းချ

ဆေးဝါးစက်ရုံ (အင်းစိန်) က ရှေးဦးသူနာပြု အရေးပေါ် အသုံးပြုရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်း ၄၁ မျိုးဝင် First Aid Kit များ စတင်ရောင်းချ
Published 11 February 2018

ဆေးဝါးနှင့်ဆေးပစ္စည်း ၄၁ မျိုးဝင် First Aid Kit ကို တွေ့ရစဉ်

ဆေးဝါးစက်ရုံ (အင်းစိန်) က ရှေးဦးသူနာပြု အရေးပေါ် အသုံးပြုရန် လိုအပ်သောဆေးဝါးနှင့် ဆေးပစ္စည်း ၄၁ မျိုးဝင် First Aid Kit များကို BPI ဆေးဝါးအရောင်းဆိုင်များတွင် စတင်ရောင်းချလျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

အဆိုပါ First Aid Kit တွင် ပါဝင်သော ပစ္စည်းများမှာ ရေစိုခံအနာကပ်ပလတ်စတာ၊ အသင့်သုံး အရက်ပျံဂွမ်း၊ အနာပိုးသတ်ဆေး၊ သွေးတိုးကျဆေး၊ နှစ်လက်မပတ်တီး၊ လေးလက်မပတ်တီး၊ မီးလောင်အတွက် လိမ်းဆေး၊ ဘောပင်၊ သွေးသန့်ဆေး၊ ဂွမ်း၊ နားကျပ်တံ၊ ဝမ်းပိတ်ဆေး၊ ကားမူးပျောက်ဆေး၊ ဒဏ်ကြေလိမ်းဆေး၊ မျက်စဉ်းဆေး၊ မျက်စိထိခိုက်သူများအတွက် အကာအကွယ်၊ ဓာတ်မီး၊ လက်အိတ်၊ ကျုံ့နိုင်ဆန့်နိုင်သော ပတ်တီး၊ ဆေးအိတ်၊ ရှေးဦးသူနာပြု လက်စွဲစာအုပ်၊ အသုံးပြုနည်းလမ်းညွှန်၊ နှာခေါင်းစည်း၊ အစာအိမ်လေအောင့်ပျောက်ဆေး၊ လက်သန့်ဆေးရည်၊ ဝမ်းကိုက်ပျောက်ဆေး၊ ဆေးခါးကပ်ပလတ်စတာ၊ အယားပျောက်လိမ်းဆေး၊ ရှူဆေး၊ ဓာတ်ဆားထုပ်၊ စက္ကူတိပ်၊ အကိုက်အခဲပျောက်ဆေး၊ အပူလောင်ဒဏ်ရာအတွက် ဆေးကပ်ခွာ၊ တွယ်ချိတ်၊ ကတ်ကြေး၊ အရက်ပြန်၊ အဖျားတိုင်းကိရိယာ၊ အာခေါင်ကြည့် ကိရိယာ၊ သုံးမြှောင့်ပုံပတ်တီး၊ ဆေးခန်းသုံးဇာဂနာ၊ ဗွီဒီယိုခွေတို့ ပါဝင်ကြောင်းနှင့် ယင်း First Aid Kit ကို BPI ဆေးဝါးအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဆေးဝါးအသစ်ရှစ်မျိုး ထပ်မံထုတ်လုပ်ရန်ရှိပြီး ဆေးဝါးထုတ်လုပ်မည့် လုပ်ငန်းများကို ဧပြီတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ်များကို ထပ်မံတိုးချဲ့ထုတ်လုပ်မည်ဖြစ်ပြီး ကျပ် ၅၀ ဘီလျံတန်ဖိုးရှိ ဆေးဝါးများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်း ဆေးရည်အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုး ထုတ်လုပ်နေကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်သောဆေးဝါးအမည်များကို ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် စာချုပ်အမှတ်များဖြင့် တစ်ဦးတည်းမူပိုင်အဖြစ် သုံးစွဲရန် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီး ဆေးဝါး ၃၅ မျိုးကိုလည်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာထားပြီးဖြစ်ကြောင်းနှင့် ဆေးဝါး ၃၅ မျိုး၏ အမည်များကို စက်ရုံမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်မှဖြစ်စေ၊ အများမှဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အလုံးစုံတုပ၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပုံတူပုံမှား၊ ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှားဖြစ်စေ၊ မှီငြမ်းတုပသုံးစွဲခြင်း၊ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လုံးဝမပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)အနေဖြင့် တရားမကြောင်း ပြစ်မှုကြောင်းတို့အရ ထိရောက်စွာ တရားဥပဒေအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ထုတ်လုပ်သော မူးယစ်အနွယ်ဝင်ဆေးဝါးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမှာစာကိုသာ အဓိကထားထုတ်လုပ်ပြီး လက်ရှိတွင် အိပ်ချ်အိုင်ဗွီနှင့် အသည်းရောင်အသားဝါ ဘီပိုးကုသဆေးဝါးများနှင့် ကင်ဆာလူနာများအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအမည်သစ်များကို စတင်ထုတ်လုပ် ဖြန့်ချိနေပြီ ဖြစ်သည်။ အိသဉ္ဇာကျော်

Most Read

Most Recent