နိုင်ငံတော်က SME လုပ်ငန်းများကို ချေးငွေချပေးမည် ဆိုသော်လည်း အပေါင်စနစ်ဖြင့် ချေးငွေလျှောက်နေရခြင်းမှာ ရိုးရာလက်မှုလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများရှိနေ

နိုင်ငံတော်က SME လုပ်ငန်းများကို ချေးငွေချပေးမည် ဆိုသော်လည်း အပေါင်စနစ်ဖြင့် ချေးငွေလျှောက်နေရခြင်းမှာ ရိုးရာလက်မှုလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများရှိနေ
Published 11 February 2018

နိုင်ငံတော်အစိုးရက SME လုပ်ငန်းရှင်များကို ချေးငွေချထားပေးမည်ဟု ဆိုသော်လည်း အပေါင်စနစ်ဖြင့် ချေးငွေလျှောက်ထားနေရခြင်းမှာ တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ဆောင်နေသည့် မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များက ပြောကြားသည်။

SME လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးရာတွင် အာမခံ အပေါင်စနစ်မှာ လုပ်ငန်းရှင်ကြီးများအတွက် အဆင်ပြေစေသော်လည်း မြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့် အစားအသောက်လုပ်ငန်းများဖြစ်သည့် မြန်မာ့ရိုးရာထီးလုပ်ငန်း၊ သင်ဖျူးဖျာလုပ်ငန်း၊ ကြိမ်ထည်လုပ်ငန်း၊ ငါးပိလုပ်ငန်း စသည့် တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေသည့် လုပ်ငန်းငယ်များ အနေဖြင့် အပေါင်စနစ်ထားရှိရခြင်းမှာ အဆင်ပြေမှုမရှိကြောင်း၊ အိမ်၊ မြေယာနှင့် အခြားပိုင်ဆိုင်မှုများကို အပေါင်စနစ်ဖြင့် ချေးငွေထုတ်ပေးနေသည်မှာ ပုဂ္ဂလိကဘဏ်များမှလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ရရှိသည့် ချေးငွေဖြင့် လုပ်ငန်းလည်ပတ်ရန်အတွက်မူ လုပ်ငန်းလိုအပ်ချက်အောက် နည်းပါးစွာသာ ရရှိနေခြင်း ဖြစ်သောကြောင့် မြန်မာ့ရိုးရာလက်မှုပညာဖြင့် လုပ်ငန်း လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များအတွက် အခြားသော အစားထိုး နည်းလမ်းကို စဉ်းစားပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ကျွန်တော်တို့ အဓိက ရိုးရာထီးလုပ်ငန်းမှာဆိုရင် အဓိကလိုအပ်ချက်က ကုန်ကြမ်းနဲ့ အရင်းအနှီးပါပဲ၊ အရင်းအနှီးရှိမှ လုပ်ငန်းကို တိုးချဲ့လို့ရမယ်။ နိုင်ငံတော်က SME ချေးငွေတွေ ချေးပေးမယ်ဆိုတော့ ကျွန်တော်တို့လည်း အားတက်သွားတယ်။ တကယ်တမ်းကျတော့ အိမ်တို့ အဆောက်အအုံတို့ အပေါင်စနစ်နဲ့မှ ချေးမယ်ဆိုတော့ ကျွန်တော်တို့ အဆင်မပြေဘူး။ အိမ်တို့ခြံတို့ အပေါင်နဲ့က ပုဂ္ဂလိကဘဏ်တွေမှာလည်း ချေးလို့ရနေတာပဲလေ။ နိုင်ငံတော်အနေနဲ့က ကျွန်တော်တို့လို မြန်မာ့ရိုးရာ လက်မှုပညာနဲ့ အသက်မွေး ဝမ်းကျောင်းနေသူတွေကို ရိုးရာဓလေ့ကို ကူညီပေးတဲ့အနေနဲ့ ကျွန်တော်တို့ကို ချေးငွေမှာ အခုလိုပုံစံ သတ်မှတ်တာကို အခြားတစ်နည်းနဲ့ ပြောင်းလဲလုပ်ဆောင်ပေးသင့်တယ်။ လုပ်ငန်းလည်ပတ်နေမှုကို အဆင့်ဆင့်လာပြီးတော့ လေ့လာကြည့်ပြီးတော့ ချေးငွေထုတ်ပေးတာ မတည်ရင်းနှီးပေးတာတွေ လုပ်ဆောင်ပေးစေလိုပါတယ်။ ဒါကျွန်တော်တို့လို ထီးလုပ်ငန်းရှင်တွေတင် မဟုတ်ဘူး။ ကြိမ်တို့ ဝါးတို့လုပ်ငန်းရှင်တွေလည်း ဒီလိုပါပဲ။ SME ချေးငွေရမယ်ဆိုလို့ အကုန်လုံးပျော်သွားပေမယ့် တကယ် လျှောက်ထားဖို့ ခက်တော့ တကယ်ကို စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ စက်ကိရိယာတွေကို ရင်းနှီးရတာ မဟုတ်တော့ အပေါင်ထားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး” ဟု ပုသိမ်မြို့တွင် မြန်မာ့ရိုးရာထီးလုပ်ငန်းကို လုပ်ကိုင်သည့် ရွှေစာပုသိမ်ထီးလုပ်ငန်းမှ ကိုမင်းနိုင်ကဆိုသည်။

Most Read

Most Recent