ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်ရန် လျှောက်ထားသည့်ကုမ္ပဏီ ခြောက်ခုရှိပြီး လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် DDPC ကုမ္ပဏီ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်ရန် လျှောက်ထားသည့်ကုမ္ပဏီ ခြောက်ခုရှိပြီး လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် DDPC ကုမ္ပဏီ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့
Published 11 February 2018

ထားဝယ်မြို့ရှိ ဓာတ်အားခွဲရုံအား တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါယှဉ်ပြိုင်ရန် လျှောက်ထားသည့်ကုမ္ပဏီ ခြောက်ခုရှိပြီး လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် DDPC ကုမ္ပဏီ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအတွက် ဇန်နဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူရာ၌ တင်ဒါယှဉ်ပြိုင်ရန် လျှောက်လွှာ ပြန်လည် တင်ပြလာသည့် ကုမ္ပဏီခြောက်ခုရှိကြောင်း၊ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီကို မရွေးချယ်ရသေးဘဲ ယင်းအတွက် ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းနေဆဲပင်ရှိပြီး ဝန်ကြီးချုပ်ထံ မတင်ပြရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

“ဒါ (ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါခေါ်ယူမှု) တွေကို စိစစ်တုန်းပဲ ရှိသေးတယ်။ တင်ဒါလျှောက်လွှာ လာဝယ်တာတော့ မသိဘူး။ လျှောက်လွှာ ပြန်လာတင်တာက ကုမ္ပဏီခြောက်ခုလောက် ရှိတယ်။ တင်ဒါအောင်မယ့် ကုမ္ပဏီကို မရွေးရသေးဘူး။ ဒီအတွက် ရွေးချယ်ရေးကော်မတီအဖွဲ့ကို ဖွဲ့တုန်းပဲရှိသေးတယ်။ ဘယ်အချိန်ရွေးဖြစ်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ကျွန်တော်တို့က အလုပ်ရှုပ်နေတုန်းဆိုတော့ ကော်မတီဖွဲ့ဖို့အတွက် လက်မှတ်ထိုးပြီးတော့ ဝန်ကြီးချုပ်ဆီ မတင်သေးဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း ခရီးသွားနေတော့”ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ၌ တင်ဒါတင်သွင်းမည့်သူများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက် ပူးတွဲကြေညာခဲ့ပြီး ယင်းစည်းကမ်းချက်များမှာ များပြားလွန်းသည့်အပြင် တင်ဒါအောင်မြင်ပါက ပေးသွင်းရမည့် အာမခံစပေါ်ငွေ (Deposit) မှာ များနေသည့်အတွက် ယင်းလုပ်ငန်းကို ဆက်လက်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ကုမ္ပဏီဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) ထံမှ သိရသည်။

“ကျွန်တော်တို့ တင်ဒါ မဝင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မကိုက်လို့ပေါ့နော်။ Deposit တင်တာနဲ့ ဘာနဲ့ဆိုတော့ ကျွန်တော်တို့ လုပ်လို့ မကိုက်ဘူး။ အခု Deposit တင်ရမှာက အတိုးနဲ့တွက်ရင်လည်း မကိုက်ဘူး။ ပြီးတော့ လက်ရှိ လုပ်ရကိုင်ရတာလည်း အဆင်မပြေဘူး။ အဲဒီတော့ အကျိုးအမြတ်မရှိတော့ ကျွန်တော်တို့ဘက်ကလည်း မလုပ်ချင်တော့ဘူးပေါ့။ Deposit က အရင်ကတော့ သိန်း ၁၅၆၀၀။ အခုကတော့ ဒီဇင်ဘာလရဲ့ သုံးဆဆိုတော့ သိန်း ၁၇၀၀၀ ကျော်သွားလိမ့်မယ်။ တင်ဒါ ဝင်မပြိုင်တော့ဘူး ဆိုတာကို ကုမ္ပဏီဒါရိုက်တာအဖွဲ့က ဆုံးဖြတ်လိုက်တာပါ”ဟု လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသော DDPC ကုမ္ပဏီမှ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောကြားသည်။

လက်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခေါ်ယူထားသည့် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါဝင်ရောက် မယှဉ်ပြိုင်တော့သည့်ကိစ္စနှင့် ပတ်သက်၍ ၎င်းအနေဖြင့် အထွေအထူး မပြောလိုဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာထုတ်ပြန်ထားချက်အရ တင်ဒါယှဉ်ပြိုင်မှု ပြီးဆုံး၍ နောက်ထပ်တင်ဒါ အောင်မြင်သူ အပြောင်းအလဲအချိန်ထိ လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပေးရန် ပြောကြားထားသောကြောင့် ဆောင်ရွက်ပေးနေရကြောင်း၊ တင်ဒါယှဉ်ပြိုင်သူများမှ မလုပ်နိုင်သောကြောင့် အစိုးရအဖွဲ့မှ လျှပ်စစ်ဖြန့်ဖြူးရေး ပြန်လည်လုပ်ကိုင်ပေးရန် တာဝန်ပေးလာပါက အရှုံးအမြတ်ကို အဓိကမထားဘဲ ကုမ္ပဏီအနေဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။ ဖေဖော်ဝါရီ ၁ ရက်က တင်ဒါခေါ်ယူမှု ပိတ်သိမ်းသည့်အချိန်ထိ ယင်းလျှပ်စစ်ဖြန့်ဖြူးရေး တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ခြောက်ခုခန့်ရှိကြောင်းကိုသာ သိရှိရပြီး မည်သည့်ကုမ္ပဏီများ ပါဝင်ကြောင်းကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ စုံစမ်းခဲ့သော်လည်း မသိရှိသေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ထားဝယ်ခရိုင်အတွင်း၌ လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် DDPC ကုမ္ပဏီနှင့် ယခင်က ထားဝယ်ခရိုင်တွင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိတွင်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့အချို့၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဖိုးသီးချို (PTC) ကုမ္ပဏီတို့မှာလည်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် မပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် တင်ဒါခေါ်ယူမှုအပေါ် ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားနေသည့် ကုမ္ပဏီများ ရှိနေပြီး တင်ဒါပိတ်သည့်ရက်မှ အနီးစပ်ဆုံး ပြုလုပ်မည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးသို့ တင်ပြကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဆွေးနွေးဆုံးဖြတ် ရွေးချယ်သွားမည်ဟု ဝန်ကြီး ဦးကြည်လှိုင်က တင်ဒါစတင်ခေါ်ယူခဲ့စဉ်က ပြောကြားထားခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါ ခေါ်ယူခဲ့သည့် ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်အတွင်း တင်ဒါတင်သွင်း ယှဉ်ပြိုင်သူများသည် လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာများတွင် တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့အား အများပြည်သူက အထင်အမြင် လွဲမှားစေသော ရေးသားမှုများ၊ ပြောဆိုမှုများ ပြုလုပ်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆို၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းကုမ္ပဏီအား တင်ဒါယှဉ်ပြိုင်မှုမှ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ တင်ဒါအဆိုပြုလွှာများကို တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီဝင်များ ရှေ့မှောက်တွင် ဖွင့်ဖောက်ပြီး အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်၍ တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်အတည်ပြုချက် ရှိပြီးမှသာ ကြေညာပေးဖြစ်ကြောင်းအပြင် တင်ဒါယှဉ်ပြိုင်မှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည်။

ထို့ပြင် ၎င်းတင်ဒါ တင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်အတွင်း ထားဝယ်ခရိုင်အတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၏ (ထုတ်လုပ်ယူနစ်ပေါင်း x ၁၃၀ ကျပ်)နှုန်းဖြင့် အခြေခံ၍ သုံးလအတွက် တင်ဒါအာမခံ စပေါ်ငွေစာချုပ် ချုပ်ဆိုပြီး နှစ်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘဏ္ဍာရေးဌာနတွင် ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် တင်ဒါအောင်မြင်သော ကုမ္ပဏီသည် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပြီး ၁၅ ရက်အတွင်း ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်အာမခံ လက်မှတ်ပြုလုပ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဌာနတွင် တင်ပြအပ်နှံရမည်ဟု ဖော်ပြပါရှိသောကြောင့် တင်ဒါအောင်မြင်သော ကုမ္ပဏီအနေဖြင့် နှစ်ပတ်အတွင်း ငွေကြေးအမြောက်အမြား ပေးသွင်းရမည်ဖြစ်၍ လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်မှုရှိနိုင်သည့်အပြင် ယင်းစည်းကမ်းချက်ကြောင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် ဘဏ္ဍာရေးအင်အား နည်းပါးသော ကုမ္ပဏီများယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်စေသည်ဟု လုပ်ငန်းရှင်များက ဝေဖန်မှုရှိခဲ့ပြီး တင်ဒါရွေးချယ်မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ချုပ်ကိုင်မှုများပြားနေကာ အချို့အချက်များတွင်လည်း ပွင့်လင်းမြင်သာမှုကို တားဆီးသည့် သဘောရှိနေကြောင်း ပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်ဟု သိရသည်။

ထားဝယ်ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်စီမံကိန်းကို Global Grand Services Co: Ltd (GGS) က ၁၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဂက်စစ်အင်ဂျင်များဖြင့် ကံပေါက်ဒေသတွင် ထုတ်လုပ်၍ စက်ရုံထုတ်ဈေး တစ်ယူနစ်လျှင် ကျပ် ၁၃၀ ဖြင့် ထားဝယ်မြို့သို့ပို့လွှတ်ပြီး ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC) မှ တစ်ယူနစ်ကို ကျပ်၂၁၀ နှုန်းဖြင့် သုံးစွဲသူထံအရောက် လျှပ်စစ်ဖြန့်ဖြူးရန် GGS ကုမ္ပဏီအား လုပ်ငန်းစပေါ်ငွေအဖြစ် ကျပ်သိန်း ၁၅၀၀၀ ကျော် ပေးသွင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စမ်းသပ်ကာလ ခြောက်လ သတ်မှတ်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်မှစတင်၍ ထားဝယ်မြို့သို့ လျှပ်စစ်စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ ထားဝယ်ခရိုင်တွင် လက်ရှိအချိန်၌ လျှပ်စစ် အသုံးပြုနေသည့် မီတာအလုံးရေ ၄၀၀၀၀ ကျော်ခန့်ရှိနေပြီ ဓာတ်အားသုံးစွဲမှု ဆက်တိုက်မြင့်တက်နေကာ ယခင်က ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအချိန်၌ ၉ မဂ္ဂါဝပ်ခန့်သာ ရှိသော်လည်း ယခုအခါ ၁၁ မဂ္ဂါဝပ်ကျော်အထိ မြင့်တက်လာပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လတည်းတွင် သုံးစွဲယူနစ် ၄၃ သိန်းအထိ ရှိခဲ့ကြောင်း သိရသည်။