မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသော စုံစမ်းရေးကော်မရှင်နှင့် ပူးပေါင်းပါဝင်မှု မပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြား

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသော စုံစမ်းရေးကော်မရှင်နှင့် ပူးပေါင်းပါဝင်မှု မပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြား
Published 11 February 2018

ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသော စုံစမ်းရေးအဖွဲ့နှင့် ပူးပေါင်းပါဝင်မှု မပြုလုပ်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ညွှန်ကြားထားကြောင်း သိရှိရသည်။

အဆိုပါညွှန်ကြားစာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၅-၂-၂၀၁၈ ရက်စွဲပါစာအ မှတ် (၀၅၁)/၃/၆-၁(လုံခြုံ)/အဖရ (ရခိုင်) ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းဖြစ်ကာ ပြည်နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများသို့ ထပ်ဆင့် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုညွှန်ကြားချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညားရေးမှူးရုံးမှ ခရိုင်နှင့် မြို့နယ်အဆင့် ပညာရေးမှူးများသို့ ပေးပို့သောစာတွင် ဖော်ပြချက်အရ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈)၌ မြောက်ဦးဖြစ်စဉ်ကို စုံစမ်းရေးအဖွဲ့အား မြေပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ဥက္ကဋ္ဌ၊ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် အတွင်းရေးမှူးတို့ အဖြစ် ပါဝင်လျက် အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ စုံစမ်းရေးအဖွဲ့ တာဝန်ပေးအပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်ခြင်းမရှိသည့်အပြင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့မှ ဖိတ်ကြား စစ်ဆေးမေးမြန်းခြင်း ပြုလုပ်လာပါက ဖြေကြားရန် မလိုကြောင်းနှင့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံလာပါကလည်း ပြသပေးပို့ခြင်း မပြုရန်၊ အကယ်၍ ဖြေကြားခြင်း၊ အထောက်အထားများ တင်ပြခြင်းတု့ိ ပြုလုပ်ခဲ့ပါက သက်ဆိုင်ရာပုဂ္ဂိုလ်၏ တာဝန်သာဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ထိုသို့ ပြည်နယ်ပညာရေးဌာနမှ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးကိုယ်စား စာထုတ်ပြန်သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လေးဦးက “ကျွန်တော်တို့ ပညာရေးဌာန တစ်ခုတည်းမဟုတ်ပါဘူး။ ဌာနတိုင်းက ထုတ်ပါတယ်ဗျ။ ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနက ထုတ်ပြန်တဲ့ စာထဲမှာ ပါသလိုပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မကိုက်ညီဘူးလို့ ဖော်ပြထားပါတယ်” ဟုပြောကြားသည်။

ပြည်နယ်ပညာရေးဌာနမှ ထုတ်ပြန်သောစာမှာ ဖေဖော်ဝါရီ ၈ ရက်က ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လေးဦး (စီမံကိန်း/ကွန်ပျူတာ/စာရင်းအင်း) လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းသော စုံစမ်းရေးအဖွဲ့အား ပူးပေါင်းပါဝင်မှု မပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က ညွှန်ကြားထားသော်လည်း စုံစမ်းရေးအဖွဲ့အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဌာနဆိုင်ရာများတွင် စာထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းက “အဲဒီထုတ်ပြန်ချက်စာကို ကျွန်တော်တို့ဆီကို တိုက်ရိုက်ပေးပို့တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လိုင်းပေါ်မှာ တွေ့ရပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေကို ပို့ထားတယ်လို့ သိရတယ်။ ကျွန်တော်တို့နဲ့ မပူးပေါင်းဖို့ ထုတ်ပြန်တာလို့ သိရတယ်။ ကျွန်တော် ပြောချင်တာကတော့ အစိုးရအနေနဲ့ လွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တကယ့်ကို စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာလိမ့်မယ်၊ အမှန်တရားတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် အစိုးရရဲ့လိုအပ်ချက်လို့ ကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ လုပ်ဆောင်တဲ့နေရာမှာ ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် လုပ်တာ ဖြစ်တယ်။ မြောက်ဦးအရေးအခင်းဟာ ကျွန်တော်တို့ အမျိုးသားရေးနဲ့လည်း ဆိုင်တယ်။ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ အခုလို တိုက်တွန်းတာဟာ အစိုးရတစ်ခုရဲ့ လုပ်ရပ်မဟုတ်ဘူးလို့လည်း မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဆက်လက် လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်သွားမှာပါ။ သက်ဆိုင်သူတွေကိုလည်း တွေ့ဆုံမေးမြန်းဖို့ ရှိတယ်။ ပူးပေါင်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ လုပ်စရာရှိတာ လုပ်မှာပဲ၊ အဲဒီအချိန်ကျမှ သိလာလိမ့်မယ်။ အဖမ်းခံထားရသူတွေနဲ့လည်း တွေ့မယ်၊ ကျောင်းသားတွေနဲ့လည်း တွေ့ဖို့ရှိတယ်၊ အဲဒီအခါကျရင် အဖြေပေါ်လိမ့်မယ်” ဟုပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက်ညက မြောက်ဦးမြို့တွင် အရပ်သားခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ရဲတပ်ဖွဲ့၏ ဆန္ဒပြလူအုပ်အား သေနတ်ပစ်ဖြိုခွင်းမှုသည် ဥပဒေနှင့်အညီ ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးရန်အတွက် အဆိုပါအဖွဲ့ကို ပြည်နယ်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈) ကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား အတည်ပြုပြီးနောက် နိဂုံးချုပ် အမှာစကားပြောကြားရာ၌ “မြောက်ဦးမြို့ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ပေးအပ်ခြင်း ခံရတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မှာကြားချင်တာက တာဝန်ဝတ္တရားတွေကို လိုက်နာပါ။ လုပ်ပိုင်ခွင့်အတိုင်းတိကျစွာ ဆောင်ရွက်ပါ။ ဘယ်သူ့မျက်နှာကိုမှ မထောက်နဲ့။ အမှန်တရားဘက်က ရပ်တည်ဆောင်ရွက်ပါ။ လွှတ်တော်ရဲ့ အသံဟာ ပြည်သူရဲ့အသံ ဖြစ်ပါစေ”ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ထည့်သွင်းပြောကြားသည်။

Most Read

Most Recent