<

အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးနေပြီး ပတ်သက်ဆက်နွှယ်သူ လုံခြုံရေးအဖွဲ့ဝင်များကို အချုပ်ချထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြား

အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးနေပြီး လုံခြုံရေးအဖွဲ့ဝင်များအား အချုပ်ချထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို အစိုးရက ဖမ်းဆီးထားသည်။

“အင်းဒင်ဖြစ်စဉ်ပါတဲ့ ရဲပေါ့နော်။ အဲဒီမှာ ပါဝင်တဲ့သူတွေကို ထိန်းသိမ်းပြီးတော့ စစ်ဆေးနေတယ်။ ဒါလုပ်ထုံးလုပ်နည်းအရပဲ။ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးတယ်ဆိုရင် အချုပ်ထဲထည့်တာပဲ။ အဲဒါနဲ့ပတ်သက်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပြီးသား။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ပတ်သက်ဆက်စပ်တဲ့ သူတွေ စုံစမ်းစစ်ဆေးနေတယ်။ စုံစမ်းစစ်ဆေးစဉ် ကာလမှာတော့ သူတို့ကို ထိန်းသိမ်းထားတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပြီး အစိုးရက ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးနေချိန်တွင် ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက် တွင် အင်းဒင်ဖြစ်စဉ်၏ ၎င်းတို့ ရရှိထားသည့် အချက်အလက်များဖြင့် သတင်းဖော်ပြခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်၍ ကနဦး စုံစမ်းစစ်ဆေးမှုများကို ဇန်န၀ါရီ ၁၀ ရက်ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။

အဆိုပါ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် အင်းဒင်ကျေးရွာ၌ လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ခန့်က တုတ်၊ ဓားများ ကိုင်ဆောင်၍ ၀ိုင်းရံ တိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင် ဖောက်ကာ သတိပေးတားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှု ရှိနေကြောင်း၊ ကျေးရွာတွင် နေထိုင်စဉ် မော်လ၀ီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦး အား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည် ဖြစ်သော်လည်း အင်းဒင်နယ်မြေ ရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီးကို သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေ၀န်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ၎င်းဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦး အား ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုသာန်သို့ ခေါ်ဆောင် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ပါဝင်ပတ်သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများကို ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ဌာန အဆင့်ဆင့်သို့ တင်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိသော်လည်း ကွပ်ကဲရန် တာဝန်ရှိသူများကိုလည်း လိုအပ်သလို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ထိုစဉ်က ဖော်ပြခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့် ချီသည့် ရုပ်အလောင်းများအား နေရာ ငါးနေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းတို့ကို အက်စစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက် ဆင်းပျက်ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းဖော်ပြခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ပြည်နယ်အစိုးရအဖွဲ့က မြေကွင်း စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့သည့် ပဏာမစိစစ်ချက်အရ AP သတင်းဌာန၏ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရသည်ဟု အစိုးရက ဖေဖော်ဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.