<

NCA စာချုပ် ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက လူထုနှင့် တွေ့ဆုံရှင်းလင်း

NCA ရေးထိုးရေးနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက လူထုနှင့် တွေ့ဆုံရှင်းလင်းမှုကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ်

မွန်ပြည်သစ်ပါတီ (NMSP) က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ငန်တေးရပ်ကွက်ရှိ နိုင်ရွှေကျင်စာကြည့်တိုက်တွင် လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

NCA စာချုပ်တွင် လက်မှတ် မရေးထိုးမီအချိန်များ၌ မွန်ပြည်သစ်ပါတီအနေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မွန်ပြည်သူများအား အသိပေး ရှင်းလင်းတင်ပြပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

၎င်းက “မူလက ဇန်န၀ါရီ နောက်ဆုံးအပတ်မှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကို ကြိုးပမ်းခဲ့ပေမယ့် နှစ်ဦးနှစ်ဖက် အဆင်မပြေကြတဲ့အတွက်ကို ဖေဖော်ဝါရီလအတွင်းမှာ လက်မှတ်ရေးထိုးဖို့ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး NCA လက်မှတ်ရေးထိုးမယ့် ရက်ကို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း နှစ်ဦးနှစ်ဖက် ဆက်လက် ညှိနှိုင်းခဲ့ကြတဲ့အခါမှာ ကျွန်တော်တို့လည်း ဖေဖော်ဝါရီ ၁၃ ရက်ကို သဘောတူလိုက်တယ်။ ဆရာတော်တွေကလည်း အဲဒီနေ့ရက်က ရက်ရာဇာဆိုတော့ ရက်ကောင်းဖြစ်တဲ့အတွက်ကို အဲဒီရက်ကိုပဲ ရွေးပါလို့ တိုက်တွန်းကြတော့ ကျွန်တော်တို့လည်း သဘောတူပြီး ရွေးဖြစ်ကြတယ်” ဟု ဆိုသည်။

အဆိုပါ မွန်ပြည်သစ်ပါတီက ပြုလုပ်သည့် လူထုရှင်းလင်းပွဲတွင် တက်ရောက်လာကြသော မွန်လူမှုအဖွဲ့အစည်းများ၊ မွန်ပြည်သူများက မေးခွန်းမေးမြန်းခြင်း၊ အကြံပြုခြင်းများ ဆွေးနွေးခဲ့ကြပြီး မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် နိုင်လယိဂကောင်း၊ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှနှင့် ပြည်တွင်းဖွံ့ဖြိုးရေး တာဝန်ခံ နိုင်ဟံသာဗွမ်ခိုင်တို့က ပြန်လည်ဖြေကြားခဲ့ကြသည်။

“မွန်ပြည်သစ်ပါတီရဲ့ နဂိုမူလလမ်းစဉ်ဖြစ်တဲ့ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာမယ် ဆိုတဲ့အတိုင်း နိုင်ငံရေး စားပွဲဝိုင်းပေါ် တက်ခွင့်ရတဲ့အချိန်မှာ တက်လိုက်တာက အကောင်းဆုံး အခြေအနေပါပဲ။ ကျွန်တော်တို့ မျှော်မှန်းတာက မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ် ရေးထိုးပြီးတာနဲ့ ဒီနိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ တက်ပြီးတော့ ဆွေးနွေးမယ်။ ကိုယ်လိုချင်တဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွား၊ ကိုယ့်ပြည်ထောင်စု အကျိုးစီးပွားအတွက်ကို ဆောင်ရွက်နိုင်မယ့်အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မွန်နိုင်ငံရေး အကျပ်အတည်းကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မွန်နိုင်ငံရေးလေ့လာသူ ဦးမင်းမင်းနွယ်က ပြောကြားသည်။

“ပြည်ထောင်စုအဆင့်မှာရော မွန်တိုင်းရင်းသားတွေ အရေးကိစ္စမှာရော မွန်ပြည်သစ်ပါတီအနေနဲ့က အစဉ်အလာကြီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပါတီ ဖြစ်ခဲ့တဲ့အတွက်ကို သူတို့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကတော့ လိုကိုလိုနေပါတယ်။ အဲဒါကြောင့် NCA လက်မှတ် ရေးထိုးပြီးလို့ တရားဝင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ရော အခြား အခြားသော အဖွဲ့အစည်းတွေနဲ့ တရားဝင် ဆက်ဆံလို့ရလာမယ်။ စကားပြောလို့ ရလာမယ်။ အလုပ်လုပ်လို့ ရလာမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာပဲလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်” ဟု ဦးမင်းမင်းနွယ်က ဆက်လက်ပြောကြားသည်။

မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး လူထုရှင်းလင်းပွဲကို မော်လမြိုင်မြို့ အပါအ၀င် ရေးမြို့နယ်နှင့် အခြားမြို့နယ်တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် နှစ်ဖွဲ့ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဇန်န၀ါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော် (MICC-II) တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.