မြဝတီမြို့နယ်တွင် အရက်အတူသောက်ရာမှ စကားများကာ ဓားခုတ်မှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

မြဝတီမြို့နယ်တွင် အရက်အတူသောက်ရာမှ စကားများကာ ဓားခုတ်မှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
Published 11 February 2018

ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုမြိုင် ပူလွဲပူကျေးရွာအုပ်စု ကျောက်ခွဲစက်လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ အလုပ်သမားချင်း ရန်ဖြစ်ရာမှ လုပ်ဖော်ကိုင်ဖက် သုံးဦးဓားခုတ်ခံရကာ တစ်ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ် ပူလွဲပူကျေးရွာ ကျောက်ခွဲစက်အနီးရှိတဲအတွင်း၌ အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရွှေကုက္ကိုမြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ ညီနောင်ရဲစခန်းမှူး ရဲအုပ်မြဝင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးနှင့် နယ်ထိန်းအဖွဲ့ဝင်များက  သက်သေ ရွှေကုက္ကိုမြိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူမှာ မောင်ပြည့်ဖြိုးအောင် ၂၃ နှစ် (ဘ) ဦးနိုင် ဇော်မင်းကုန်း ရပ်ကွက် မြစ်သာမြို့နယ် မန္တလေးတိုင်းဒေသကြီးမှ လာရောက်ပြီး ကျောက်ခွဲစက်လုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စစ်မေးရာ ကျောက်ခွဲစက်လုပ်သားများ ဖြစ်ကြသော သေဆုံးသူ မောင်ပြည့်ဖြိုးအောင်အပါအဝင် စိုင်းကျော် ၃၅ နှစ် (ဘ) ဦးလှိုင်ဟိန်း  ကောင်းကင်ရွာအုပ်စု လားရှိုးမြို့နယ် ရှမ်းပြည်နယ်၊ မောင်သန့်ဇင်ထွန်း ၂၃ နှစ် (ဘ) ဦးတုန်ဟန် လားရှိုးမြို့နယ် ရှမ်းပြည်နယ်၊ ကျော်ကိုကို ၂၃ နှစ် (ဘ) ဦးမောင်သောင်း၊ လေးထောင့်ကန်ကွက်သစ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ တို့လေးဦးမှာ အတူအရက်သောက်စားမူးယစ်ပြီး အချင်းချင်းစကားများ ရန်ဖြစ်ကြရာမှ စိတ်မထိန်းနိုင်သည့် ကျော်ကိုကိုက တဲအနောက်ဘက်တွင်ရှိသော ဓားမကိုယူကာ လုပ်ဖော်ကိုင်ဖက်သုံးဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

ကျော်ကိုကို၏ ဓားခုတ်ချက်ကြောင့် မောင်ပြည့်ဖြိုးအောင်မှာ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးခေါင်ဒဏ်ရာ သုံးချက်ရရှိခဲ့သူ စိုင်းကျော်အေးနှင့် သန့်ဇင်ထွန်းတို့ နှစ်ဦးကို ရွှေကုက္ကိုမြိုင်ကျေးရွာဥက္ကဋ္ဌ နှင့်အဖွဲ့က မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ် (၃) ဗိုလ်မှူးအဆင့်ရှိ စောမင်းဦးနှင့်အဖွဲ့ တို့က ဓားဖြင့် ခုတ်ခဲ့သူ ကျော်ကိုကိုအား ရဲတပ်ဖွဲ့ဝင်များထံအပ်နှံခဲ့ပြီး ရဲအုပ်မြဝင်းနှင့် အဖွဲ့သည် အရိုးအသွား ၂၈ လက်မခန့်ရှိဓားအား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သင်္ဃန်း ညီနောင်ရဲခန်းမှ စခန်းမှူး ရဲအုပ်မြဝင်းက ဖေဖော်ဝါရီ ၉ ရက်တွင် တရားလိုပြုလုပ် တိုင်တန်းသဖြင့်လူတစ်ယောက်အား သေဆုံးအောင်ခုတ်သတ်ပြီး နှစ်ယောက်ကို ဒဏ်ရာရရှိအောင် ဓားဖြင့်ခုတ်ခဲ့သူ ကျော်ကိုကိုအား သင်္ဃန်းညီနောင် ရဲစခန်းမှ (ပ) ၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Most Read

Most Recent