<

က၀မြို့နယ်နှင့် သနပ်ပင်မြို့နယ် အနိမ့်ပိုင်းဒေသရှိ ပဲတီစိမ်းစိုက်တောင်သူများမှာ ပဲဦးပေါ်ချိန်မှာပင် ဈေးကျ၍ အရှုံးပေါ်

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ခင်းလုပ်ငန်းခွင်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်နှင့် သနပ်ပင်မြို့နယ် အနိမ့်ပိုင်းဒေသရှိ ပဲတီစိမ်းစိုက် တောင်သူများမှာ ပဲဦးပေါ်ချိန်မှာပင် ပဲဈေးကျ နေသောကြောင့် အရှုံးပေါ်နေကြကြောင်း သိရသည်။

နှစ်စဉ်ပဲဦးပေါ်ချိန်တွင် သီးနှံရှားပါး၍ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ၄၀၀၀၀ ကျော်ဈေးဖြင့် ရောင်းခဲ့ရသော်လည်း ယခုနှစ်၌ ပဲဦးပေါ်ချိန်သီးနှံရှားသော အချိန်မှာပင် တစ်တင်းလျှင် ၃၂၀၀၀ သာရရှိသောကြောင့် ပဲတီစိမ်းစိုက်တောင်သူအများစုမှာ အရှုံးပေါ်နေကြောင်း သိရသည်။

အနိမ့်ပိုင်းဒေသရှိ တောင်သူများမှာ ယခုနှစ်ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးချိန်တွင် အချိန်အခါမဟုတ် မိုးရွာ၍သီးနှံအထွက်နှုန်း လျှော့ကျခြင်း၊ လုပ်သားအင်အားရှားပါး၍ စိုက်ပျိုးစရိတ်ကြီးမားခြင်း၊ အတိုးနှုန်းကြီးမားသောဘဏ်များ ကုမ္ပဏီများမှ ချေးငွေများယူ၍ လုပ်ကိုင်ရခြင်း၊ ပဲဈေးနိမ့်ကျနေချိန်တွင် အစိုးရက ထိန်းညှိဝယ်ယူပေးနိုင်မှု မရှိခြင်းတို့ကြောင့်လည်း အရှုံးပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအနိမ့်ပိုင်းတွေက တစ်မိုးတွင်းလုံးရေမြုပ်တော့ မိုးစပါးလည်း စိုက်မရဘူး။ ဆောင်းတွင်းမှာ ပဲတီစိမ်းလေးစိုက်တော့ ထွန်ယက်ချိန် အပွင့်ပွင့်ချိန်တွေမှာ မိုးက အချိန်အခါမဟုတ်ရွာတော့ သီးသင့်သလောက် မသီးဘူး။ အရင်ကတစ်ဧက ၁၀ တင်းကျော်ထွက်တဲ့ လယ်က အခု ငါးတင်းလောက်ပဲ ထွက်တယ်။ အထွက်က နည်းပါတယ်ဆိုမှ ပေါ်ဦးပေါ်ဖျားတောင် ဈေးကတစ်တင်း ၃၂၀၀၀ တဲ့။ မနှစ်က ဒီအချိန် ၄၂၀၀၀ လောက်ရောင်းရတယ်။ ကိုယ့်အတွက် မကျန်တော့ဘူး။ ရှေ့လဆို သူ့ လယ်ကိုယ့်လယ်အားလုံးခူးလို့ရတဲ့ သူပေါ် ကိုယ်ပေါ်ချိန်ဆို ထပ်ကျဖို့ပဲ ရှိတော့တယ်။ ရှုံးပြီပေါ့” ဟု က၀မြို့နယ် သမန်းကန်ရွာမှ ပဲစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

“ဒီနှစ် တရုတ်ကပဲ ပဲဝယ်တယ်။ အိန္ဒိယက ပဲမ၀ယ်သေးဘူးလို့သိရတယ်။ ဒီအချိန်က ပဲဈေးကောင်းရမယ့်အချိန် နှစ်တိုင်းပဲဦးပေါ်ချိန်က ပဲဈေးမြောက်တယ်။ ဒီနှစ်မှာ ဘယ်လိုမှ မထင်ထားတဲ့ ဈေး ၃၂၀၀၀ နဲ့ပဲ ကျွန်တော်တို့ ၀ယ်တယ်။ ၀ယ်လက်လည်း သိပ်မရှိသေးဘူး။ နှစ်တိုင်းလုပ်နေကျဆိုတော့ လာရောင်းတာတွေကို လက်ခံထားရပေမယ့် ပြန်ရောင်းဖို့ ဈေးကွက်ကသိပ်မမြင်ဘူး။ ကျွန်တော်တို့ ကုန်သည်ကတော့ တက်ရင် တက်ဈေးကျရင် ကျဈေးနဲ့ အရောင်းအ၀ယ်လုပ်လို့ ရတယ်။ လယ်သမားတွေကတော့ နစ်နာတာပေါ့။ ပဲဈေးကျနေချိန်မှာ အစိုးရအနေနဲ့ ထိန်းညှိဝယ်ယူပေးရင်တော့ ပိုအဆင်ပြေနိုင်တယ်” ဟု သနပ်ပင်မြို့နယ် ကမာစဲကျေးရွာမှ ပဲကုန်သည် ဦးတင်ရွှေက ပြောကြားသည်။

ထို့ပြင် က၀မြို့နယ်နှင့် သနပ်ပင်မြို့နယ်ရှိ လယ်သမားအများစုမှာ မိုးစပါးစိုက်ပျိုးချိန်တွင် လယ်မြေများ မိုးရေနစ်မြုပ်၍စိုက်ပျိုးမရခြင်း ပင်လယ်ကမ်းပါးပြိုကျမှုကြောင့် နှစ်စဉ်လယ်မြေများ ဆုံးရှုံးနေရခြင်း ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ရေ၀ပ်လယ်မြေများ  ခြောက်သွေ့ခြင်းမရှိ၍ စိုက်ပျိုးချိန်နောက်ကျပြီး သီးနှံအထွက်နှုန်းလျော့ကျခြင်းတို့ကြောင့် အခြားဒေသမှ လယ်သမားများထက်ပို၍ အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

February 10, 2018














Copy Protected by Chetan's WP-Copyprotect.