ရသေ့တောင်တွင် ဟောပြောစဉ်အတွင်း ရခိုင်လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားသည်ဟု မပြောကြားခဲ့ကြောင်း စစ်တွေခရိုင်တရားရုံးသို့ ဒုတိယအကြိမ်ရုံးထုတ်စဉ် ဒေါက်တာအေးမောင် ပြောကြား

ရသေ့တောင်တွင် ဟောပြောစဉ်အတွင်း ရခိုင်လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားသည်ဟု မပြောကြားခဲ့ကြောင်း စစ်တွေခရိုင်တရားရုံးသို့ ဒုတိယအကြိမ်ရုံးထုတ်စဉ် ဒေါက်တာအေးမောင် ပြောကြား
Published 10 February 2018

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေတရားရုံးတွင် ဖေဖော်ဝါရီ ၉ ရက်က ရုံးထုတ်လာစဉ်

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဖေဖော်ဝါရီ ၉ ရက်က စစ်တွေခရိုင်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီးရသေ့တောင်မြို့နယ် ဟောပြောပွဲတွင် ရခိုင်လူမျိုးများကို ဗမာကျွန်သဘော မပြောခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

“ရခိုင်လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားတယ်။ အဲဒါကျွန်တော်မသုံးဘူး။ ဒါပေမဲ့ အဲဒါကို သတင်းစာတွေမှာပါလာတော့ ကျွန်တော်စိတ်မကောင်းဘူး။ ဒါဟာ ဗမာနဲ့ ရခိုင်ကို ရန်တိုက်သလိုဖြစ်နေတယ်။ ကျွန်တော်က အမျိုးသားစည်းလုံးမှုကိုသွားတာ”ဟု ဒေါက်တာအေးမောင်က တရားရုံးသို့ လာရောက်စဉ် ကားပေါ်မှ အဆင်းတွင် မီဒီယာများအား ပြောကြားသည်။

စာရေးဆရာဝေဟင်အောင်၏အမှုအား လိုက်ပါဆောင်ရွက်ပေးသူတရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ဒီနေ့ရုံးထုတ်တာကတော့ အမှုသုံးမှုစလုံးနဲ့ ရုံးထုတ်တာဖြစ်ပါတယ်။ ပထမတော့ စစ်တွေခရိုင်မှာ ပုဒ်မ ၁၂၂ အရ စွဲဆိုထားတဲ့အမှု၊ စစ်တွေမြို့နယ် တရားရုံးမှာတော့ ရသေ့တောင်မြို့နယ်မှာစွဲ ဆိုထားတဲ့ ပုဒ်မ ၁၇ (၁) နဲ့ ၅၀၅ (ခ)(ဂ) အမှုတွေကိုရုံးထုတ်တာဖြစ်ပါတယ်။ အမှုစွဲတင်ပြီးသားကိစ္စဖြစ်တဲ့အတွက် ဆောင်ရွက်ရန်ကိစ္စတွေကို ပြောကြားတာဖြစ်တယ်။ လာမယ့် ၂၁ ရက်ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဦးဘသန်းဆိုတဲ့တစ်ယောက်ကို ဖမ်းဝရမ်းထုတ်တာတဲ့အဆင့်မှာရှိနေတဲ့အတွက် ဝရမ်းကို စောင့်ရတယ်ဆိုတဲ့ အကြောင်းရှင်းပြတယ်။ ကျွန်မအနေနဲ့ကတော့ ဥပဒေအနဲ့ အညီစွဲဆိုမှုဖြစ်ခဲ့သလား၊ ဒီအမှုနဲ့ပတ်သက်ပြီးတော့ မိမိတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အခုစွပ်စွဲထားတဲ့ ဥပဒေနဲ့ အကျုံးဝင်သလားဆိုတာ မျိုးတွေကိုဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ ကျွန်မရည်ရွယ်ထားပါတယ်” ဟု ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့အား ဇန်နဝါရီ ၂၉ ရက်တွင် ရသေ့တောင်မြို့နယ်တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ရုံးထုတ်ရာတွင် အစောင့်အကြပ်များစွာချထားဆောင်ရွက်ခဲ့ကြောင်းနှင့် တရားရုံးခြံဝင်းအတွင်းသို့ ဝင်ရောက်သူများကိုလည်း ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော် မိသားစုဝင်များနှင့်စကားများစွာ ပြောဆိုခွင့်မရခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား လက်ထိတ်ခတ်ကာ ရုံးထုတ်လာသည်ကို မြင်ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဒေါက်တာအေးမောင်အနေဖြင့် နိုင်ငံတော်ကိုပုန်ကန်ခြင်း မဟုတ်ခဲ့ကြောင်း ၎င်း၏ဇနီးက ပြောကြားသည်။

“ဒေါက်တာအေးမောင်ကသူတို့စွပ်စွဲထားတဲအမှုနဲ့ ဘာမှလည်းမသက်ဆိုင်ဘူး။ သူတို့မတရားစွပ်စွဲထားတာလို့မြင်တယ်။ ရခိုင်လူထုကအားပေးတဲ့အတွက် အခုလိုလုပ်တာလို့မြင်တယ်။ ကျွန်မတို့ မိသားစုတွေဟာ ဂုဏ်သရေရှိလူတန်းစားတွေဖြစ်ပါတယ်။မတရားတာ တစ်ခုမှမလုပ်ပါဘူး။ ဒါပေမဲ့ လက်ထိတ်တွေခတ်လာတာကိုတွေ့ရတော့ ကျွန်မကဇနီးတစ်ယောက်အနေနဲ့ အရမ်းဝမ်းနည်းမိပါတယ်။ ဒါကြောင့် အမှန်တရားကိုဖြစ်စေချင်တယ်။ သူ့မှာ ဘာလက်နက်မှလည်းမရှိဘူး။ လွှတ်တော်ကသာ အလုပ်လုပ်တာပါ။ အမှန်ကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုဒီလိုမျိုး ဖမ်းဆီးချုပ် နှောင်ထားတာမျိုးကတော့ သူတို့ဘက်ကဖိအားတွေ တအားပေးထားတယ်လို့ မြင်တယ်” ဟု ဒေါက်တာအေးမောင်၏က ဆိုသည်။

ရသေ့တောင်မြို့စာပေဟောပြောပွဲတွင် စာပေဟောပြောမှုကြောင့် တရားစွဲဆိုခံရသူ သုံးဦးရှိပြီး စာရေးဆရာ ဝေဟင်အောင်အား ဇန်နဝါရီ ၁၅ ရက်တွင်လည်းကောင်း၊ ဒေါက်တာအေးမောင်အား ဇန်နဝါရီ ၁၈ ရက်တွင် လည်းကောင်း ဖမ်းဆီးခဲ့ကာ ပွဲစီစဉ်သူစာရေး ဆရာ နေဘုန်းသွန်းဝေအား ဖမ်းဆီးမှုမရှိသေးကြောင်း သိရသည်။

ရုံးထုတ်လာခြင်းနှင့်ပတ်သက်ပြီး စာရေးဆရာဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းကလည်း ယနေ့ရုံးထုတ်လာစဉ်တွင် သေချာမေးမြန်းတွေ့ဆုံရန်အချိန်မရခဲ့ကြောင်း၊ ငါးမိနစ်ခန့်သာအချိန်ရခဲ့ကြောင်း၊ ဒီမိုကရေစီခေတ်တွင် ယခုကဲ့သို့ မတရားမှုလို မျိုးအမှု တွေအမျိုးမျိုးတတ်ထားသည့်အတွက် မိသားစုအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားသည်။

ထို့ပြင် လုံခြုံရေးအင်အားအဆမတန် တိုးမြှင့်ချထားသည့်အတွက် အကြောက်တရား အလွန်တရာစိုးမိုးနေသော အစိုးရဟုရှု မြင်ကြောင်း၊ ဟောပြောပွဲကိုယခုအခါမှ ပြောလာသည်မဟုတ်ဘဲ လွန်ခဲ့သောသုံးနှစ်ကတည်း ကဟောပြောလာခဲ့ခြင်းဖြစ်ကာ ပုဒ်မအမျိုးမျိုးတပ်လာခြင်းသည် မတရားဟုရှုမြင်ကြောင်း ဝေဟင်အောင်က ပြောကြားသည်။

“လူတစ်ယောက်မှာ လွတ်လပ်စွာထုတ်ဝေခွင့်နဲ့ လွတ်လပ်စွာစကားပြောဆိုပိုင်ခွင့်ဆိုတာရှိတယ်။ အဲဒါကိုဒီမိုကရေစီခေတ်မှာ ပိတ်ပင်တယ်။ ဒီမိုကရေစီခတ်ရဲ့ အကျဉ်းသား၊ ဒီမိုကရေစီခေတ်ရဲ့အကျဉ်းသား၊ ဒါဟာ မတရားဘူးဆိုတာလူတိုင်းသိတဲ့ကိစ္စ” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့အမှုအား လာမည့် ၂၁ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးမောင်၊ ဝေဟင်အောင် နှင့် ပွဲစီစဉ်သူ ဦးမောင်ဘသန်းတို့အား နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ် ကြီးပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုခွင့်ပြုမိန့်အား နိုင်ငံတော်သမ္မတမှ ခွင့်ပြုခဲ့သဖြင့် တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင်တို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့်လည်းကောင်း အမှု ဖွင့်လှစ်တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၂ ရက် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံး၌ ဒေသခံလူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

Most Read

Most Recent