<

ဗိုလ်တထောင် စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ် ပြန်တင်မည်

ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ် ပြန်တင်မည်ဖြစ်ပြီး ကိုယ်လုံးတော်ကြံ့ခိုင်ရေး လုပ်ငန်းများ ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ထို့ပြင် ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်သွားမည်ဖြစ်ကာ အသစ်ပြန်တင်ပူဇော်မည့် စိန်ဖူးတော်အား သလင်းကျောက်အစစ်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ရွှေအစစ်၊ ကျောက်မျက်ရတနာ အစစ်တို့ဖြင့် ရွှေတိဂုံစေတီတော်ပုံစံတူ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင် စေတီတော် အလှည့်ကျ တာဝန်ခံဂေါပက ဦးမျိုးမြင့်က “ထီးတော်၊ ငှက်မြတ်နားတော်တို့က ပထမအဆင့် ရည်ရွယ်တာက ပြင်ဖို့၊ သို့သော်တက်ပြီး ဖူးမြော်ကြည့်တဲ့အခါ ပျက်စီးမှုက များပြားတော့ ဒါတစ်သက်မှာ တစ်ခါကြုံတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကြီးကို အသစ်တင်ဆောင် ပူဇော်မယ် ဆိုပြီးတော့ အစီအစဉ် ဖြစ်သွားတာပါ” ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို ဖိတ်ခေါ်၍ ဗိုလ်တထောင်စေတီတော်ကြီး၏ ကိုယ်လုံးတော်ကို စစ်ဆေးခဲ့ပြီးရေယိုမှုများ၊ အက်ကြောင်းများ ဖြစ်ပေါ်နေမှုများ တွေ့ရှိရကြောင်း သိရသည်။

“ဗိုလ်တထောင် စေတီတော်ကြီးကို ပထမတော့ လေးနှစ်တစ်ကြိမ် ကိုယ်လုံးတော် ပြည့်ရွှေသင်္ကန်းကပ်ဖို့ စီစဉ်တာ။ ရွှေသင်္ကန်းကပ်ရင်နဲ့ ကိုယ်လုံးတော် ကြံ့ခိုင်ရေး စစ်ကြည့်ရင် ကောင်းမယ်ဆိုပြီး ကျွန်တော်ကလည်း အင်ဂျင်နီယာဖြစ်တယ်။ ကျန်တဲ့ဂေါပကတွေ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို ဖိတ်ခေါ်ပြီး ကိုယ်လုံးတော် ကြံ့ခိုင်ရေးကို စစ်တယ်။ စစ်တဲ့အခါမှာ အထဲမှာ ရေယိုနေတာ အက်နေတာတွေ့တယ်။ လိုဏ်ဂူက အောက်မှာရှိတာ လူတွေသိတယ်။ ဒါပေမဲ့ သူ့အပေါ်မှာ အဆင့်နှစ်ဆင့် ရှိသေးတယ်။ အပေါ်ကိုတက်ပြီး ကြည့်တဲ့အခါမှာ အက်ကြောင်းတွေ ရေယိုနေတာ တွေ့ရတယ်။ တိုင်းနာယက ဆရာတော်၊ ဥက္ကဋ္ဌဆရာတော်၊ သြ၀ါဒဆရာတွေမှာ သြ၀ါဒခံယူတယ်။ နောက်ရန်ကုန်တိုင်း ၀န်ကြီးချုပ် ညွှန်ကြားချက် ယူပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

February 9, 2018














Copy Protected by Chetan's WP-Copyprotect.