မီးဘေးသင့်ခဲ့သော နန်းဖာလုံဈေး ဆိုင်ခန်းရှင်များအတွက် ယာယီဈေး တည်ဆောက်ပေးမည်ဖြစ်ပြီး တစ်ပတ်အတွင်း ဈေးပြန်လည်ဖွင့်လှစ်မည်

မီးဘေးသင့်ခဲ့သော နန်းဖာလုံဈေး ဆိုင်ခန်းရှင်များအတွက် ယာယီဈေး တည်ဆောက်ပေးမည်ဖြစ်ပြီး တစ်ပတ်အတွင်း ဈေးပြန်လည်ဖွင့်လှစ်မည်
Published 10 February 2018

မီးဘေးသင့်ခဲ့သော နန်းဖာလုံဈေး ဆိုင်ခန်းများကို တွေ့ရစဉ်

မီးဘေးသင့်ခဲ့သော နန်းဖာလုံဈေး ဆိုင်ခန်းပိုင်ရှင်များအတွက် ယာယီဈေးတစ်ခု (ယာယီဆိုင်ခန်း) တည်ဆောက်ပေးမည်ဖြစ်ပြီး ပင်မနန်းဖာလုံဈေးကိုလည်း တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။

“မီးလောင်ခံရတဲ့ ဈေးသူဈေးသားတွေနဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် ဒေသအာဏာပိုင်တွေနဲ့ တွေ့တာပါ။ ယာယီဈေးကို တစ်လအတွင်း ပြီးအောင်ဆောက်ပေးမယ်။ ယာယီဈေး မတိုင်ခင်လည်း နေရာရောင်းချမှု စီစဉ်ပေးမယ်။ ဈေးဆောက်တဲ့ အခါမှာလည်း စနစ်တကျဖြစ်အောင်၊ မီးရေး ထင်းရေး နောင်ဒီလို မီးလောင်မှု မဖြစ်ပွားအောင် ဆောက်မယ်ဆိုတာတွေ ရှင်းပြပါတယ်။ တိုင်းဒေသကြီး အစိုးရကလည်း အလှူငွေတွေ လှူဒါန်းသွားပါတယ်။ ဆိုင်ခန်းပိုင်ရှင်တွေအတွက် တိုင်းအစိုးရက ကူညီတဲ့သဘောပါ။ ဈေးကတော့ ရုံးပိတ်ရက်တွေပြီးရင် ပြန်ဖွင့်မယ် ပြောထားပါတယ်။ တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်။ ဈေးနဲ့ပတ်သက်ပြီးတော့ သန့်ရှင်းရေးတွေလုပ်ပြီး ပြန်ဆောက်မယ်ပေါ့။ မီးလောင်ထားတဲ့ အိမ်ရှင်တွေကိုတော့ အခြားမြေနေရာ အစားထိုးပေးပြီးတော့ အဲဒီနားကို ဈေးတည်ဆောက်တဲ့ အခါမှာ ကျယ်ကျယ်ဝန်းဝန်း တည်ဆောက်နိုင်အောင် စဉ်းစားညှိနှိုင်းထားပါတယ်။ အိမ်ရှင်တွေကိုလည်း တွေ့ပြီးတော့ ချပြမှာပါ။ တာဝန်ရှိတဲ့သူတွေ ညှိနှိုင်းထားတဲ့ အဆင့်ပေါ့။ အိမ်ရှင်တွေကိုလည်း အမြန်ဆုံးချပြမှာပါ။ နယ်စပ်ဂိတ် အမှတ် (၁) ကတော့ ဖွင့်ပါတယ်။ အမှတ် (၂) ဂိတ်ကတော့ မီးလောင်လို့ ခဏပိတ်ထားတာပါ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောကြားသည်။

နန်းဖာလုံဈေးသည် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အကြီးဆုံးနှင့် ကုန်သွယ်မှုပမာဏ အားအကောင်းဆုံး နယ်စပ်ဈေးဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်ခုနစ်ခုမှ ဒေသခံများ လာရောက်ဈေးဝယ်ရာ နေရာဖြစ်သည်။ ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသော အဆိုပါဈေးတွင် လယ်ယာထွက်သီးနှံများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ ဖိနပ် ရာသီအလိုက် ကုန်ပစ္စည်းများ လက်လီလက္ကား ရောင်းချရာ ဈေးတစ်ခုဖြစ်သည်။

“ဝန်ကြီးချုပ်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့တော့ ပြောတာပဲ။ လောလောဆယ် ယာယီဈေးကို တစ်လအတွင်း အပြီးဆောက်မယ်။ အရင်က ကားပါကင်လုပ်တဲ့ နေရာမှာပေါ့။ အဲဒါကို မီးဘေးခံထားရတဲ့ သူတွေကို အသားနဲ့ပဲ အခင်းနဲ့ အမိုးလောက်ပဲ ပါမှာပေါ့။ ဈေးရုံကြီး ပြန်လည် တည်ဆောက်ဖို့အတွက် ဆိုင်ခန်းပိုင်ရှင်တွေ တိုင်ပင်ရမယ်။ ဘယ်လိုလုပ်မယ်ဆိုတာ အဖြေမထွက်သေးဘူး။ ဈေးကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်ဖွင့်နိုင်အောင်လုပ်မယ်။ ဖွင့်နိုင်ဖို့လည်း များပါတယ်” ဟု မီးလောင်ကျွမ်းခဲ့သည့် နန်းဖာလုံဈေး ခရေရုံမှ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent